ထန်တလန်မှာ သုံးလအတွင်း မီးကိုးကြိမ်လောင်
ချင်းပြည်နယ် ထန်တလန်မြို့မှာ နိုဝင်ဘာ ၂၇ ရက် မနေ့ညနေပိုင်းက သုံးလအတွင်း ကိုးကြိမ်မြောက်အဖြစ် မီးလောင်ကျွမ်းခဲ့ရာ ခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်း မီးထဲပါသွားတယ်လို့ ဒေသတွင်း မီဒီယာဖြစ်တဲ့ Chin News Journal က ဖော်ပြထားပါတယ်။
- 2021-11-28
-
-
-
ချင်းပြည်နယ် ထန်တလန်မြို့မှာ နိုဝင်ဘာ ၂၇ ရက် မနေ့ညနေပိုင်းက သုံးလအတွင်း ကိုးကြိမ်မြောက်အဖြစ် မီးလောင်ကျွမ်းခဲ့ရာ ခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်း မီးထဲပါသွားတယ်လို့ ဒေသတွင်း မီဒီယာဖြစ်တဲ့ Chin News Journal က ဖော်ပြထားပါတယ်။
ဒီမီးလောင်မှုဟာ မနေ့က ညနေ ၄ နာရီခွဲဝန်းကျင်လောက်က စတင်ခဲ့ပြီး ဘာကြောင့်လောင်ကျွမ်းရတယ် ဆိုတာကိုတော့ RFA အနေနဲ့ မသိရှိနိုင်သေးပါဘူး။
မနေ့က ည ၁၀ နာရီအချိန်က Chin News Journal ရဲ့ ဖော်ပြချက်အရ စိုက်ပျိုးရေးရပ်ကွက်မှာရှိတဲ့ စိန့်နီကောလပ်စ် ကတ်သလစ်ဘုရားကျောင်း မီးလောင်ကျွမ်းတဲ့ထဲ ပါဝင်သွားတယ်လို့ ဖော်ပြထားပါတယ်။
လုံတီာလ်ရပ်ကွက်နဲ့ ဈေးရပ်ကွက်က အိမ်တွေလည်း လောင်ကျွမ်းခဲ့တယ်လို့ ဖော်ပြထားပေမယ့် မီးထဲပါ သွားတဲ့ အိမ်အလုံးရေ ဘယ်လောက်ရှိတယ်ဆိုတာ အတည်မပြုနိုင်သေးပါဘူး။
ထန်တလန်မြို့မှာ လွန်ခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့က စစ်ကောင်စီနဲ့ CDF တို့ တိုက်ပွဲဖြစ်ပြီးနောက် နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ရပါတယ်။
အဲဒီနောက် စက်တင်ဘာ ၁၈ ရက်က နေအိမ် ၁၉ လုံး၊ အောက်တိုဘာလထဲမှာ နေအိမ် ၁၆၄ လုံးနဲ့ နိုဝင်ဘာလထဲမှာ မနေ့ကဘုရားကျောင်းတစ်ကျောင်းအပါအဝင် နေအိမ် ၇၁ လုံး မီးလောင်ကျွမ်းခဲ့ရတာ ဖြစ်တယ်လို့ CDF တွေပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။
ထန်တလန်မြို့မှာ စစ်ကောင်စီတပ်တွေက ချင်းဒေသ ကာကွယ်ရေးတပ် CDF တွေကို ထိုးစစ်ဆင်တာတွေ စတင်ခဲ့တဲ့ စက်တင်ဘာလကစပြီး တိုက်ပွဲတွေကြား ကိုးကြိမ်မြောက်အဖြစ် မီးလောင်ကျွမ်းခဲ့ရာ နေအိမ် စုစုပေါင်း ၂၅၅ လုံး လောင်ကျွမ်းခဲ့ရပါတယ်။