ထန်တလန်မြို့မှာ ဒီမနက်ကစပြီး တစ်နေကုန်မီးလောင်

ဒေသခံတွေ မနေတော့တဲ့ ချင်းပြည်နယ် ထန်တလန်မြို့ပေါ်မှာ ဒီဇင်ဘာ ၄ ရက် ဒီနေ့မနက်ပိုင်းကစလို့ ည‌နေ ၅ နာရီခွဲအထိ တစ်နေကုန် မီးလောင်နေတယ်လို့ မြို့အနီးတဝိုက်က ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့မှာ ၂၀၂၁ နိုဝင်ဘာ ၂၇ ရက်နေ့က မီးလောင်ကျွမ်းခဲ့တာကို တွေ့ရစဉ် Photo: Thantlang Placement Affair Committee

ဒေသခံတွေ မနေတော့တဲ့ ချင်းပြည်နယ် ထန်တလန်မြို့ပေါ်မှာ ဒီဇင်ဘာ ၄ ရက် ဒီနေ့မနက်ပိုင်းကစလို့ ည‌နေ ၅ နာရီခွဲအထိ တစ်နေကုန် မီးလောင်နေတယ်လို့ မြို့အနီးတဝိုက်က ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ မနက် ၉ နာရီဝန်းကျင်ကစလို့ လူမရှိတော့တဲ့ ထန်တလန်မြို့ပေါ် ဈေးရပ်ကွက်ကနေ မီးလောင်ကျွမ်း တာဖြစ်ပြီး ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်းလည်း မီးလောင်သွားတယ်လို့ ထန်တလန်မြို့နယ်ထဲက ဒေသခံ တစ်ယောက်က RFA ကို ပြောပါတယ်။

"လောင်တာက မနက်ပိုင်း ၉ နာရီလောက်မှာ စလောင်သွားတာ။ ချင်းလို ပြောရင်တော့ Market ရပ်ကွက်၊ ဈေးရပ်ကွက်မှာ လောင်သွားတယ်။ အဲဒီမှာ United Pentecostal Church (UPC) လောင်သွားတယ်လို့ သိရတယ်"

ထန်တလန်မြို့မှာ လွန်ခဲ့တဲ့ စက်တင်ဘာလကစပြီး စစ်ကောင်စီတပ်တွေနဲ့ CDF တပ်တို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး ခုလို မီးတွေခဏခဏ လောင်ကျွမ်းနေလို့ လူဦးရေသောင်းနဲ့ချီတဲ့ ဒေသခံတွေလည်း မြို့ကိုစွန့်ခွာနေကြပါတယ်။

ဒီနေ့ မီးလောင်မှုကြောင့် United Pentecostal Church (UPC) ဘုရားကျောင်း မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုထားပြီး မီးလောင်ရတဲ့ အကြောင်းအရင်းနဲ့ မီးလောင်ခဲ့တဲ့ အိမ်အရေအတွက်ကိုတော့ RFA က အတည် မပြုနိုင်သေးပါဘူး။

ထန်တလန်မြို့မှာ လွန်ခဲ့တဲ့ စက်တင်ဘာလကစလို့ ဒီနေ့အထိ မီးလောင်ကျွမ်းမှူ ၁၀ ကြိမ်ထက်မနည်း ရှိခဲ့ပြီး ခရစ်ယာန်ဘုရားကျောင်း အပါအဝင် အိမ်ပေါင်း ၃၅၁ လုံးအထိ မီးလောင်‌ပြာကျခဲ့ရပါတယ်။

ထန်တလန်မြို့ပေါ်က မီးလောင်မှုတွေနဲ့ ပတ်သက်လို့ ဒေသခံတွေက စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်ချက်လို့ စွပ်စွဲထားသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်လည်း ဒေသခံကာကွယ်ရေး CDF အဖွဲ့တွေရဲ့ လက်ချက်လို့ အပြန်အလှန်စွပ်စွဲထားကြပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာလည်း ပြီးခဲ့တဲ့တစ်ပတ်အတွင်း စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးပြီးတဲ့နောက် အနည်းဆုံး ရွာ ၃ ရွာက အိမ် ၃၇ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org