ပေါက်မြို့နယ် သပြေရေရွာက ဈေးသည်တစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သပြေရေရွာက ဈေးသည်တစ်ယောက်ကို စစ်ကောင်စီတပ်တွေက သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
သြဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်းက သပြေရေရွာတောင်ဘက် ပုသိမ် - မုံရွာ ကားလမ်းပေါ်မှာ ဈေးဆိုင် ဖွင့်ထားတဲ့ အသက် ၄၀ အရွယ် ဦးလှမြင့်ဦး ကို တူမီးသေနတ်နဲ့ ပစ်သတ်ခဲ့ပြီး ဆိုင်ရှေ့မှာလည်း ဆိုင်ကယ် အဟောင်းတစ်စီးပေါ်မှာ ဗုံးထောင်ထားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"သူသတ်ခံရတဲ့နေရာက လက်နက်စက်ရုံနဲ့ နှစ်မိုင်လောက်ပဲဝေးတာ။ စစ်သားတွေကလည်း သူ့ဆိုင်မှာ ဝင်ထွက်နေကျ။ အခုဟာက PDF ကလုပ်တဲ့ပုံစံမျိုး ထင်ရောင်ထင်မှားလုပ်တဲ့ ပုံစံမျိုး"
သူ့ကို ပစ်သတ်ခဲ့တဲ့သူတွေဟာ ဆိုင်ထဲက အရက်တွေနဲ့ စားစရာတွေကို သောက်စားပြီးမှ ပြန်ထွက် သွားကြတယ်လို့လည်း ဆိုပါတယ်။
သြဂုတ်လ ၁၅ ရက်နေ့ကလည်း သပြေရေရွာနဲ့ သုံးမိုင်လောက်ဝေးတဲ့ ဒိန်းကွင်းရွာထိပ်က ကုန်စုံဆိုင် တစ်ဆိုင်လည်း မီးရှို့ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုဖြစ်စဉ်တွေဖြစ်ခဲ့တဲ့ ရွာတွေဟာ ဇွန်လ ၁၅ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ကင်းမရွာ အနီးတစ်ဝိုက်က ရွာတွေဖြစ်ပါတယ်။
ကင်းမရွာ မီးလောင်မှုနဲ့ပတ်သက်လို့လည်း စစ်ကောင်စီနဲ့ PDF တပ်ဖွဲ့တွေက တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။