သထုံမှာ ဓာတ်ငွေ့ပိုက်လိုင်း လုပ်သားနှစ်ဦးပစ်သတ်ခံရပြီး နှစ်ဦးဖမ်းဆီးခံရ
သထုံမြို့နယ်၊ ဓနုကတိုက် ကျေးရွာအုပ်စုမှာရှိတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုပ်ကွက်ထဲကို ဇန်နဝါရီလ ၁၃ ရက် နေ့လယ်ပိုင်းက လက်နက်ကိုင်လူတစ်ခု ဝင်ရောက် ပစ်ခဲ့တာကြောင့် အလုပ်သမားနှစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရခဲ့သလို နှစ်ဦးကိုလည်း ဖမ်းသွားပါတယ်။
-
RFA Burmese
2023-01-16 -
-
-
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဓနုကတိုက် ကျေးရွာအုပ်စုမှာရှိတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုပ်ကွက်ထဲကို ဇန်နဝါရီလ ၁၃ ရက် နေ့လယ်ပိုင်းက လက်နက်ကိုင်လူတစ်ခု ဝင်ရောက် ပစ်ခဲ့တာကြောင့် အလုပ်သမားနှစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရခဲ့သလို နှစ်ဦးကိုလည်း ဖမ်းသွားတယ်လို့ သထုံဒေသခံတွေက RFA ကိုပြောပါတယ်။
အဲဒီပိုက်လိုင်းလုပ်ကွက်ဟာ ဘီးလင်းချောင်းအနားမှာရှိတဲ့ ကတိုက်မြောက်ခွဲ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း လုပ်ကွက်ဖြစ်ပြီး ဘယ်အဖွဲ့က ဝင်ရောက်ပစ်ခဲ့သလဲ ဆိုတာတော့ တိတိကျကျ မသိရသေးဘူးလို့ ဆိုပါတယ်။
ဘီးလင်းချောင်းထဲကနေ လူ ၁၀ ဦးခန့်က စက်လှေနဲ့ရောက်လာပြီး ပစ်ခတ်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သထုံဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ နေ့လယ် ၁၂ နာရီလောက်မှာ ဖြစ်သွားတာပါ။ အမျိုးသားနှစ်ဦးက သေနတ်နဲ့ ပစ်သတ်ခံရပြီးသေသွားတယ်။ လေးဦးက ထိခိုက်ဒဏ်ရာရလို့ နှစ်ဦးကို ရန်ကုန်ဆေးရုံကြီးမှာ ပို့ထားပြီး နောက်နှစ်ဦးကိုတော့ မော်လမြိုင် ခုတင် ၃၀၀ စစ်ဆေးရုံကြီးမှာ ဆေးကုသ ပေးနေပါတယ်။ ကြီးကြပ်အင်ဂျင်နီယာနဲ့ နောက် တစ်ဦးကတော့ ဖမ်းဆီးခံထားရပါတယ် ”
စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒီပစ်ခတ်မှုကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက လုပ်တာဆိုပြီး စွပ်စွဲရေးသားနေပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ သယံဇာတရေးရာဝန်ကြီး ဦးအောင်ကြည်သိန်း ကလည်း ဒီကိစ္စကို အတည်ပြုထားပြီး အဲဒီနေရာကို လုံခြုံရေးပေးဖို့ စွမ်းအင်ဝန်ကြီးဌာနက ပြည်ထောင်အစုအဆင့် တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေတယ်လို့ RFA ကိုပြောပါတယ်။
အဲဒီ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ ပြည်တွင်းသုံးစွဲမှုအတွက် လုပ်ထားတာ ဖြစ်တယ်လို့လည်း ဦးအောင်ကြည်သိန်းက ဆိုပါတယ်။
သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကတော့ ဒီဖြစ်ခတ်မှုနဲ့ပတ်သက်ပြီး သူတို့ မသိရသေးတဲ့အကြောင်း RFA ကိုပြောပါတယ်။
ဇန်နဝါရီလ ၁၃ ရက် ညနေပိုင်းကလည်း သထုံမြို့နယ်၊ တောင်စွန်းရွာမှာ အိမ်ထောင်စု စာရင်း ကောက်ပြီး ပြန်လာတဲ့ အုပ်ချုပ်ရေးမှူးဦးစိုးသိန်းနဲ့ ရုံးစာရေးမတစ်ဦးကို သထုံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခဲ့တာကြောင့် နှစ်ဦးစလုံး သေဆုံးခဲ့ပါတယ်။