၀န်ကြီးဌာနအသစ် နိုင်ငံခြားစီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အခက်အခဲဖြေရှင်းဖို့ ရည်ရွယ်

လက်ရှိမြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြား စီးပွားရေးလုပ်ငန်းရှင်တွေ အခက်အခဲရှိတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်ဆံရေး ဆက်သွယ်ရေးဝန်ကြီးဌာန အသစ် ဖွဲ့စည်းတာလို့ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောပါတယ်။

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က NRPC ရုံးမှာ တွေ့ဆုံမိတ်ဆက်ပေးစဉ် Photo: Aung Thain Kha/ RFA

လက်ရှိမြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု လာရောက်လုပ်ကိုင်မယ့် နိုင်ငံခြားစီးပွားရေ လုပ်ငန်းရှင်တွေအနေနဲ့ အခက်အခဲတွေရှိတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အသစ်ကို ဖွဲ့စည်းလိုက်တာဖြစ်ကြောင်း ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောပါတယ်။

အသစ်ဖွဲ့စည်းလိုက်တဲ့ ဝန်ကြီးဌာနအသစ်မှာ ဦးသောင်းထွန်းကို ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်မယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် အဲဒီဝန်ကြီးဌာနကို ဦးဆောင်မယ့်သူဟာ လွှတ်တော်က အတည်ပြုပြီးမှသာ သိရမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ LOTTE ဟိုတယ်မှာ  မြန်မာနိုင်ငံလုံးဆိုင်ရာ စင်ကာပူအဖွဲ့ချုပ် SAM က ဦးဆောင်ကျင်းပတဲ့ ပထမဦးဆုံးအကြိမ် စီးပွားရေး ထိပ်သီးဆွေးနွေးပွဲကို ဦးသောင်းထွန်း တက်ရောက်ခဲ့ပြီး သတင်းမီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ အဲဒီလို ပြောခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အတွင်း စင်္ကာပူနိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂ ဘီလီယံလောက် ရှိတယ်လို့လည်း ပြောပါတယ်။

အဲဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံမှာရှိတဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေကို ဖိတ်ကြားမယ်လို့ ပြောခဲ့ပေမယ့် ဒီနေ့မှာ မြန်မာနိုင်ငံက ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်အချို့ကိုသာ တက်ရောက်လာတာကို တွေ့ရပါတယ်။

NLD အစိုးရလက်ထက်မှာ ဝန်ကြီးဌာန ၂၁ ခုနဲ့ စတင်ဖဲ့ွစည်းရာကနေ အခုဆိုရင် ဝန်ကြီးဌာန ၂၄ ခု အထိ ရှိနေပြီးဖြစ်ပြီး အဲဒီဒီဝန်ကြီးဌာနက ၂၅ ခုမြောက်ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org