သရက်ချောင်းမှာ တိုက်ပွဲကြောင့် ဒေသခံ နှစ်ထောင်ကျော် ထွက်ပြေးနေရ

RFA Burmese
2024.02.07
သရက်ချောင်းမှာ တိုက်ပွဲကြောင့် ဒေသခံ နှစ်ထောင်ကျော် ထွက်ပြေးနေရ တနင်္သာရီတိုင်းရှိ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က တွေ့ရစဉ်။
နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ ဖေဖော်ဝါရီ ၄ ရက်ကစတင်ပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲဖြစ်နေတာကြောင့် ရွာငါးရွာက ဒေသခံ နှစ်ထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲစတင်ဖြစ်တဲ့ ကင်းရှေ့ရွာအပါအဝင် အနီးအနားမှာရှိတဲ့ ကြက်စားပြင်၊ ဆေးဖြတ်ကုန်း၊ ကြာအင်းနဲ့ စော်ဖျားရွာက ဒေသခံတွေ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

ကင်းရှေ့ရွာမှာ ဖေဖော်ဝါရီလ ၇ ရက် ဒီနေ့လည်း တိုက်ပွဲဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကင်းရှေ့ကတော့ ရွာပျက်လောက်ပြီထင်တယ်။ ပြေးနေရတယ်။ ဒီနေ့ ၁၀ နာရီလောက်မှာလည်း တိုက်ပွဲထပ်ဖြစ်တယ်။ ဖြစ်နေတာ သုံးလေးရက်ရှိနေပြီ”

စစ်ကောင်စီတပ်သားတွေဟာ ဖေဖော်ဝါရီ ၄ ရက်က ကားနှစ်စီးနဲ့ ကင်းရှေ့ရွာကိုရောက်ရှိလာပြီး နေအိမ်တွေကို ဧည့်စာရင်းလိုက်စစ်ရာကနေ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲစတင်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ဒီနေ့အထိ ကင်းရှေ့ရွာမှာ စစ်ကောင်စီတပ်သား နှစ်ဆယ်ခန့်ကျန်ရှိနေပြီး ကားတစ်စီးကတော့ ပြန်ထွက်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေ ထွက်ပြေးနေရတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် တနင်္သာရီတိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ရှစ်သောင်းကျော် (၈၂,၂၀၀) ရှိလာပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။