သရက်ချောင်းမှာ သံဃာတော်တွေ ဦးဆောင်ချီတက် ဆန္ဒပြ

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်မှာ ကံဆောင် သပိတ်မှောက်ထားတဲ့ သံဃာတော်တွေ ဦးဆောင်ပြီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်မှ သံဃာတော်များ ကံဆောင်သပိတ်ပြုလုပ်နေကြသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့က တွေ့ရစဉ်။ Democracy Movement Strike Committee-Dawei Photo

တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်မှာ ကံဆောင် သပိတ်မှောက်ထားတဲ့ သံဃာတော်တွေဦးဆောင်ပြီးထားဝယ်ခရိုင် အမှတ် (၈) ပြည်ထောင်စုလမ်းမပေါ်မှာ ဇူလိုင်လ ၄ ရက်နေ့က လူတစ်ရာခန့်နဲ့ ချီတက်ဆန္ဒပြခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထားဝယ်ခရိုင်ထဲက ဘုန်းကြီးကျောင်း ၁၃ ကျောင်းက သံဃာတွေရဲ့ ဦးဆောင်မှုနဲ့အတူ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ ကော်မတီ (DDMSC) နဲ့ ဒေသခံတွေ ဝန်းရံချီတက် ဆန္ဒပြခဲ့တာလို့ သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက RFA ကို ပြောပါတယ်။

“စစ်ကောင်စီက ပြည်သူလူထုကို ရက်ရက်စက်စက် သူတို့ အာဏာတည်မြဲရေးအတွက် မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ ပုံစံမျိုး သူတို့ လုပ်နေတယ်။ အဲဒီအထဲမှာ ရဟန်းသံဃာတွေပါ အသတ်ခံရတဲ့ အနေအထား ဖြစ်လာတယ်။ အဲလို အခြေအနေမျိုးမှာ ကျွန်တော်တို့က ဒီအာဏာရှင်စနစ် လုံး၀ချုပ်ငြိမ်းရေးအတွက် ပြည်သူလူထု တစ်ရပ်လုံး ပါဝင်ပူးပေါင်း တိုက်ပွဲဝင်ဖို့လိုသလို ဆရာ၊ ဒကာ ညီညီညွတ်ညွတ်နဲ့ တိုက်ပွဲဝင်မယ်ဆိုရင် ပိုပြီးတော့ ခရီးရောက်နိုင်တယ်”

ပြည်ထောင်စုလမ်းမကြီးပေါ်က လှည့်လည်ဆန္ဒပြမှုအပြင် အဲဒီနေ့တစ်ရက်တည်းမှာပဲ ကျေးရွာတွေက လမ်းမပေါ်တွေမှာလည်း ဒေသခံရာနဲ့ချီပြီး ဆန္ဒပြချီတက်ခဲ့ကြတယ်လို့ သူက ဆိုပါတယ်။

ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အပေါ် သံဃာတော်တွေရဲ့ ပတ္တုနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်မှုကို ဇွန်လ ၂၃ ရက်နေ့မှာ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်က သံဃာတော် တချို့နဲ့ စတင်ခဲ့တာပါ။

လက်ရှိမှာ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်က သံဃာတော်တွေ အပါအဝင် စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ တနင်္သာရီတိုင်းက မြို့နယ် ၂၁ ခုအထိ ဒီလှုပ်ရှားမှုမှာ ပါဝင်လာတာဖြစ်ပါတယ်။

ကံဆောင်သပိတ်မှာ ဦးဆောင်ပါဝင်တဲ့ သံဃာတော်တွေကတော့ စစ်ကောင်စီ ကျုးလွန်နေတဲ့ ပြစ်မှုတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ ပြည်တွင်း၊ ပြည်ပ သံဃာတော်တွေ ဒီလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org