တစ်ရက်တစ်မနက်နဲ့ လွတ်လပ်ရေးဆုံးရှုံးနိုင်တယ်လို့ စစ်ကောင်စီဒုဥက္ကဋ္ဌ သတိပေး
ရရှိထားတဲ့ အချုပ်အခြာအာဏာကို တည်တံ့အောင်ဆောင်ရွက်ဖို့ လိုတယ်လို့ စစ်ကောင်စီဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောလိုက်ပါတယ်။
- 2022-10-19
-
-
-
တစ်ရက်တစ်မနက်နဲ့ လွတ်လပ်ရေးဆုံးရှုံးနိုင်ပြီး ပြန်ရဖို့ အရင်းအနှီးကြီးတာကြောင့် ရရှိထားတဲ့ အချုပ်အခြာအာဏာကို တည်တံ့အောင်ဆောင်ရွက်ဖို့ လိုတယ်လို့ စစ်ကောင်စီဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောလိုက်ပါတယ်။
အောက်တိုဘာလ ၁၉ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ကျင်းပနိုင်ရေး ဗဟိုကော်မတီအစည်းအဝေးမှာ သူကပြောလိုက်တာပါ။
လာမယ့်၂၀၂၃ ခုနှစ် ဇန်နဝါရီလ လေးရက်နေ့မှာ ကျရောက်မယ့် ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ကို စစ်ကောင်စီက တခမ်းတနား ကျင်းပဖို့ပြင်ဆင်နေတာဖြစ်ပြီး လုံခြုံရေးမကျိုးပေါက်အောင် ဆောင်ရွက်ဖို့ကိုလည်း စစ်ကောင်စီ ဒုဥက္ကဋ္ဌက အဲ့ဒီအစည်းအဝေးမှာ အသိပေးခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှာ ကျရောက်ခဲ့တဲ့ လွတ်လပ်ရေးနေ့မှာတော့ တစ်နိုင်ငံလုံးမှာ ပြည်သူတွေဟာ အရင်နှစ်တွေကလို ပျော်ပွဲရွှင်ပွဲတွေကျင်းပခဲ့ခြင်းမရှိပါဘူး။
စစ်ကောင်စီ ဒုဥက္ကဋ္ဌက အချိုးကျကိုယ်စားပြုစနစ်နဲ့ အထွေထွေရွေးကောက်ပွဲကျင်းပရေးကိုလည်း ထည့်သွင်းပြောခဲ့ပါတယ်။ PR စနစ်ကို လွတ်လပ်တရားမျှတပြီး တိုင်းရင်းသားအားလုံးအချိုးကျ ကိုယ်စားပြုပါဝင်မယ့် ရွေးကောက်ပွဲစနစ်လို့ စစ်ကောင်စီဘက်က သုံးနှုန်းပြောဆိုပါတယ်။