ပေါက်မြို့နယ် သီးခြောက်ရွာ မီးရှို့ခံရ

မကွေးတိုင်း၊ ပေါက်မြို့နယ် သီးခြောက်ရွာကို အင်အား ၄၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၂ ရက်ကနေ ၁၄ ရက်အထိ သုံးရက်ဆက်တိုက် စီးနင်းပြီးနောက် တစ်ရွာလုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ် သီးခြောက်ရွာ မီးရှို့ခံနေရသည်အား ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ Photo: Citizen Journalist

မကွေးတိုင်း၊ ပေါက်မြို့နယ် သီးခြောက်ရွာကို အင်အား ၄၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၂ ရက်ကနေ ၁၄ ရက်အထိ သုံးရက်ဆက်တိုက် စီးနင်းပြီးနောက် တစ်ရွာလုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့စီးနင်းမှုကြောင့် အိမ်ခြေလေးရာနီးပါးရှိတဲ့ သီးခြောက်ရွာက လူဦးရေ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရသလို နေအိမ်တွေမီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သီးခြောက်ရွာက ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"သုံးရက်ဆက်တိုက် မီးရှို့တာ၊ အကုန်ပြာကြသွားပြီ။ အိမ်မကုန်မချင်းကို တစ်အိမ် တက်ဆင်း လိုက်ရှို့ကြတာ။ စစ်ကြောင်းဝင်လာတယ်ဆိုတော့ ဘာမှတောင် ယူချိန် မရလိုက်ဘဲ ထွက်ပြေးခဲ့ရတာ။ ယောချောင်းကိုဖြတ်ပြီး လုံခြုံတဲ့ တစ်နေရာမှာ နေနေပါတယ်"

အောက်တိုဘာလ ၁၄ ရက် မနေ့ကအထိ သီးခြောက်ရွာမှာ စစ်ကြောင်းရှိနေဆဲဖြစ်လို့ ဒေသခံတွေ ရွာထဲပြန်မဝင်နိုင်သေးတဲ့အတွက် ပျက်စီးဆုံးရှုံးမှု အခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့ သူက ပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့တပ်ဖွဲ့ဝင်တွေဟာ အရပ်သား တွေရဲ့ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာမရှိဘူးလို့ သြဂုတ်လအတွင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံချိန်မှာ ငြင်းဆိုခဲ့ပါတယ်။

နေအိမ်မီးလောင်မှုတွေကို စာရင်းပြုစုနေတဲ့ Data for Myanmar အဖွဲ့ရဲ့ သြဂုတ်လ ၂၇ ရက် ထုတ်ပြန်ချက်မှာတော့ မကွေးတိုင်းတွင်း စစ်ကောင်စီတပ်သားတွေက လူနေအိမ် ၅,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီအပြင် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၁ ရက်နေ့ အစီရင်ခံစာအရ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် စစ်အာဏာသိမ်းပြီးနောက် မကွေးတိုင်းအတွင်း အရပ်သား ၁၀၁,၃၀၀ ဦး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဖော်ပြခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org