တိုင်းပြည် တည်ငြိမ်မှုရအောင် ကြိုးပမ်းနေတယ်လို့ ဦးသိန်းစိန်ပြော

နိူင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်သွားဖို့ သန္နိဋ္ဌာန် ချမှတ်ထားပြီး စီးပွားရေး ဖွံ့ဖြိုးမှုမရှိခင်မှာ တိုင်းပြည် တည်ငြိမ်မှုရှိအောင် ကြိုးပမ်း ဆောင်ရွက်နေတယ်လို့ သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန် (ဝဲ) နှင့် စင်္ကာပူ သမ္မတ တိုနီတန် (ယာ) တို့ကို စင်္ကာပူ သမ္မတအိမ်တော်တွင် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က တွေ့ရစဉ်။ Credit: AFP Photo/Roslan Rahman

စင်္ကာပူနိုင်ငံမှာ ၄ ရက်ကြာ ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်က Straits Times သတင်းစာနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ အခုလို ပြောကြား ခဲ့တာပါ။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း နိုင်ငံရေး အကျဉ်းသားတွေ ရာနဲ့ချီလွှတ်ပေးခဲ့တာ၊ သတင်းမီဒီယာ ထိန်းချုပ်မှု လျှော့ချပေးခဲ့တာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာတွေ အပါအဝင် ပြုပြင် ပြောင်းလဲမှုတွေ သိသိသာသာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဦးသိန်းစိန်က ပြောပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံ အနေနဲ့ မြောက်ကိုရီးယားထံက နျူကလီးယား လက်နက်ရရှိဖို့ ကြိုးပမ်းနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေဟာ မဟုတ်မှန်ဘူးလို့လည်း ဦးသိန်းစိန်က ငြင်းဆိုခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ Mt. Elizabeth ဆေးရုံမှာ ကျန်းမာရေး စစ်ဆေးမှု ခံယူခဲ့တယ်လို့ သိရပါတယ်။ အသက် ၆၆ နှစ်ရှိပြီ ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်မှာ နှလုံးရောဂါရှိပြီး ၂၀၀၄ ခုနှစ်ကစလို့ နှလုံးခုန်စက် တပ်ဆင် ထားရတယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org