သီပေါမှာ ဗုံးကြဲခံရလို့ လေးဦး သေဆုံး၊ သတင်းထောက် တစ်ဦး အပါအဝင် သုံးဦး ဒဏ်ရာရ
သီပေါမြို့နယ် နားလွယ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးနှစ်ဦး အပါအဝင် လေးဦး သေဆုံးပြီး နောက်ထပ်သုံးဦး ဒဏ်ရာရခဲ့ပါတယ်။
-
RFA Burmese
2024-09-24 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် နားလွယ်ရွာကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးနှစ်ဦး အပါအဝင် လေးဦး သေဆုံးပြီး နောက်ထပ်သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး တစ်မိသားစုတည်းက လေးဦး သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ညနေ ၃ နာရီလောက်မှာ ဂျက်ဖိုက်တာနဲ့ နှစ်စီးလာကြဲတာ။ အဲရွာက လီဆူရွာလးဗျ။ အိမ်ရှစ်အိမ်လောက်ပဲရှိတာ။ စုနေတာ အိမ်အလယ် တည့်တည့်ကိုကျတာ။ အဘွား တစ်ယောက်၊ မြေးနှစ်ယောက်နဲ့ သားတစ်ယောက် သေသွားတာ။ အဘွားက အသက်ခုနစ်ဆယ်ကျော်ပြီ။ သေတာက ကျား နှစ်ယောက်၊ မ နှစ်ယောက်ပေါ့”
အဲဒီနေ့မှာပဲ နားလွယ်ရွာ အနီးတစ်၀ိုက်ကို စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ ဆက်ပြီးဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သတင်းထောက် တစ်ဦး အပါအဝင် သုံးဦး ဒဏ်ရာရခဲ့တယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။
“ထိခိုက်တဲ့အထဲ သတင်းထောက် တစ်ယောက် ပါတယ်ဗျ။ ခြေထောက်မှာ ဗုံးစဖောက်ဝင်ပြီး ထိသွားတာ။ အခု ဆေးကုပေးတဲ့နေရာတော့ရောက်ပြီ”
ဒဏ်ရာရခဲ့တဲ့ သတင်းထောက်ဟာ ပြည်တွင်းသတင်းဌာနတစ်ခုကဖြစ်ပြီး သီပေါမြို့နယ်ထဲမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအကြောင်း သတင်းရယူနေရင်း ထိခိုက်ခဲ့တာလို့ သူက ပြောပါတယ်။ သေဆုံး၊ ထိခိုက်သူတွေရဲ့ အသေးစိတ် အချက်အလက်တွေ သိနိုင်ဖို့ RFA က ဆက်လက် စုံစမ်းနေပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ သီပေါမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က ထိန်းချုပ်ထားပြီး မြို့အထွက်မှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ-၂၃၊ ခမရ- ၅၀၃ တပ်စခန်းတွေ အနီးတိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။
TNLA ဘက်က အဲဒီတပ်စခန်းတွေကို စက်တင်ဘာလ ၁၄ ရက်နေ့ နောက်ပိုင်းကစလို့ ထပ်မံထိုးစစ်ဆင် တိုက်ခိုက်နေသလို စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ပြီး ပြန်လည်ခုခံနေတာ ဖြစ်ပါတယ်။
သီပေါမြို့မှာ တိုက်ပွဲကာလအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၂၇ ဦးခန့် သေဆုံးပြီး သုံးဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။ မြို့ခံ တစ်သောင်းဝန်းကျင်လည်း ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။