ဖမ်းဆီးခံထားရတဲ့ သီလဝါလယ်သမား ၃ ဦး အာမခံရရှိ

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် သီလဝါကျေးရွာအနီးက လယ်မြေဧက ၁ဝဝ ပေါ်မှာ ဦးပိုင်ကုမ္ပဏီ နဲ့ လယ်သမားတွေ မနေ့က ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျောက်တန်းမြို့မရဲစခန်းက သာမန်နာကျင်စေမှု ဝတ္တရားနှောင့်ယှက်မှုတို့နဲ့ ဖမ်းဆီးထားတဲ့ လယ်သမား ၃ ယောက်ကို ဒီနေ့ အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။

သီလဝါကျေးရွာအနီးက လယ်မြေဧက ၁ဝဝ ပေါ်မှာ ၂ဝ၁၈ ခုနှစ်၊ မေလ ၁၂ ရက်နေ့က လယ်သမားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေသည်ကို တွေ့ရစဉ် Photo: Kyaw Lwin Oo/ RFA

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် သီလဝါကျေးရွာအနီးက လယ်မြေဧက ၁ဝဝ ပေါ်မှာ ဦးပိုင်ကုမ္ပဏီ နဲ့ လယ်သမားတွေ မနေ့က ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျောက်တန်းမြို့မရဲစခန်းက သာမန်နာကျင်စေမှု ဝတ္တရားနှောင့်ယှက်မှုတို့နဲ့ ဖမ်းဆီးထားတဲ့ လယ်သမား ၃ ယောက်ကို ဒီနေ့ အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေ ဆေးရုံမှာ ဆေးမှတ်တမ်းယူတဲ့အခါ အပြင်းအထန်နာကျင်တာမျိုး မတွေ့လို့ ပုဒ်မပြောင်းပြီး အာမခံပေးလိုက်တာလို့ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး က ပြောပါတယ်။

" ၃ ယောက်ဖမ်းထားတာကတော့ ၃၃၃ နဲ့ ဖမ်းထားတာပါ၊ အပြင်းအထန်နာကျင်စေမှု၊ တာဝန်ဝတ္တရား နှောက်ယှက်မှုပေ့ါနော်၊ ရဲတွေက ဆေးရုံမှာ ဆေးမှတ်တမ်းယူလိုက်တဲ့အခါကျတော့ အပြင်းအထန် နာကျင်တာ မတွေ့ဘူးပေါ့နော်၊ အဲဒါပုဒ်မ ၃၃၂ ပြောင်းဖွင့်ပြီးတော့ အာမခံပေးလိုက်ပါပြီ၊ သာမန်နာကျင်စေမှု ဝတ္တရားနှောက်ယှက်မှုပါ"

ရန်ကုန်တိုင်းဝန်ကြီးချုပ်ရယ်၊ တိုင်း/ခရိုင် လယ်စစ်အဖွဲ့တွေနဲ့ တွေ့ဆုံပြီး မြေယာလျော်ကြေးအမြန်ပေးဖို့အတွက် မနက်ဖြန်မှာ ညှိနှိုင်းသွားမှာဖြစ်တယ်လို့လည်း ဒေါ်အေးမြမြမျိုး က ပြောပါတယ်။

အဲဒီ လယ်မြေဧက ၁ဝဝ ပေါ်မှာ ဦးပိုင်ကုမ္ပဏီက မနေ့က သဲတင်ဖို့ ဆောင်ရွက်တာနဲ့ပတ်သက်ပြီး တားဆီးခဲ့တဲ့ လယ်သမားတွေကို ရဲတပ်ဖွဲ့က မနေ့က သေနတ်ပစ်ဖောက် လူစုခွဲခဲ့တာကြောင့် သေနတ်ထိမှန်ခဲ့သူ ၂ ဦးဟာ သန်လျင်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရပါတယ်။

အဲဒီလယ်မြေတွေဟာ ၁၉၉၅-၉၆ ခုနှစ်တုန်းက နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းတည်ဆောက်ဖို့ဆိုပြီး ဆိပ်ကမ်း အာဏာပိုင်က လယ်သမားတွေကို တစ်ဧက ကျပ် ၂ သောင်းနှုန်းပေးကာ သိမ်းယူခဲ့တဲ့ အကွက်အမှတ် ၁၂ ၊ ၁၃ ဖြစ်ပါတယ်။

အခုရုန်းရင်းဆန်ခတ်ဖြစ်တဲ့ လယ်သမားတွေက မူလလယ်သမားတွေမဟုတ်ဘဲ ၁၉၉၆ ခုနှစ်နောက်ပိုင်း ဆိပ်ကမ်းအာဏာပိုင်က စီမံကိန်းကို အကောင်အထည်မဖော်တဲ့အတွက် ခြုံတွေဖြစ်နေတာကို လယ်မြေအဖြစ် ခုတ်ထွင်ရှင်းလင်းပြီး ဝင်ရောက်လုပ်ကိုင်ခဲ့ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

မြေယာလျော်ကြေးတွေ ရှင်းရှင်းလင်းလင်း မဖြစ်သေးဘဲ လုပ်ငန်းမလုပ်ဖို့ လယ်သမားတွေက တောင်းဆို နေကြတာ ဖြစ်ပါတယ်။

အဲဒီနေရာမှာ ရေလုပ်ငန်းလုပ်ကိုင်ပြီးနေထိုင်သူ၊ ပလုံးကောက်နေထိုင်သူ၊ သီလဝါစက်မှုဇုန်မှာလုပ်ကိုင်ပြီး နေထိုင်သူတွေရဲ့ တဲအိမ် စုစုပေါင်း ၃၉ လုံးရှိတယ်လို့ သိရပါတယ်။

အဲဒီနေရာကို ခြံခတ်ပြီး ပိတ်လိုက်တဲ့အတွက် လူဦးရေ ၅၀ ဝန်းကျင်လောက် ပိတ်မိနေတဲ့အတွက် ထမင်းထုပ်နဲ့ ရေဘူးတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ ဦးဆောင်ပြီး ဒီကနေ့ ပို့ဆောင်ပေးနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org