မာန်အောင်မှာ ANP မဲရုံကိုယ်စားလှယ် သုံးဦး နေအိမ်တွေ စစ်ဆေးခံရ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ရဲကျွန်းမြောက်ရွာမှာ ရခိုင်အမျိုးသားပါတီ (ANP) အတွက် မဲရုံ ကိုယ်စားလှယ် သုံးဦးတို့ရဲ့ နေအိမ်တွေကို တပ်မတော်က မနေ့ ညနေပိုင်းက ဝင်ရောက်စစ်ဆေးခံခဲ့ရတယ်လို့ စစ်ဆေးခံရတဲ့အထဲ ပါဝင်သူတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စုက ရခိုင်အမျိုးသားပါတီဆိုင်းဘုတ်ကို တွေ့ရစဉ် Photo: Arakan National Party - Man Aung

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ရဲကျွန်းမြောက်ရွာမှာ ရခိုင်အမျိုးသားပါတီ (ANP) အတွက် မဲရုံ ကိုယ်စားလှယ် သုံးဦးတို့ရဲ့ နေအိမ်တွေကို တပ်မတော်က မနေ့ ညနေပိုင်းက ဝင်ရောက်စစ်ဆေးခံခဲ့ရတယ်လို့ စစ်ဆေးခံရတဲ့အထဲ ပါဝင်သူတစ်ဦးက ပြောပါတယ်။

ရဲကျွန်းမြောက်ရွာက ANP ပါတီရဲ့ မဲရုံကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးကျော်မိုးနိုင်၊ ဦးညီသက်လွင်နဲ့ ဦးအောင်နိုင်စိုးတို့ရဲ့ နေအိမ် သုံးလုံးကို မနေ့ညနေ ၂ နာရီလောက်က အချိန်နာရီဝက်ခန့်ကြာအောင် စစ်ဆေးခံခဲ့တာလို့ နေအိမ်စစ်ဆေးခံရတဲ့ ဦးအောင်နိုင်စိုးက RFA ကိုပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ရွာအနီးပင်လယ်ထဲမှာ ရောက်ရှိနေတဲ့ တပ်မတော်ရေယာဉ်က တပ်မတော်သား ရှစ်ဦးက လုံခြုံရေးအရ စစ်ဆေးချင်လို့ဆိုပြီးတော့ နေအိမ်အတွင်းအပြင် သေတ္တာ၊ ဗီရို တစ်ခုမကျန် မွှေနှောက်စစ်ဆေးခဲ့တာဖြစ်ပြီးတော့ ထူးထူးခြားခြား ဘာမှမရှိတာကြောင့် ဓာတ်ပုံမှတ်တမ်းရိုက်ယူပြီးတော့ ပြန်သွားကြတယ်လို့ဆိုပါတယ်။

စစ်ဆေးတဲ့အချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေမပါဘဲ လက်နက်တွေကိုင်ဆောင်ထားတဲ့ တပ်မတော်သားတွေကိုသာ တွေ့ရတယ်လို့ ဦးအောင်နိုင်စိုးက ပြောပါတယ်။

တပ်မတော်က လုံခြုံရေးအရဆိုပြီး နေအိမ်တွေကို ဝင်ရောက်စစ်ဆေးခံရလို့ ရဲကျွန်းမြောက်ရွာသားတွေဟာ သူတို့ရဲ့နေအိမ်တွေမှာ ကပ်ထားတဲ့ ရခိုင်အမျိုးသားပါတီ (ANP) အလံပါ စာရွက်တွေကို စိုးရိမ်တကြီးနဲ့ ချက်ချင်း ဖြုတ်သိမ်းလိုက်ကြတယ်လို့လည်း ဆိုပါတယ်။

မာန်အောင်မြို့နယ်က (ANP) ပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်သန်းကတော့ သူတို့ပါတီရဲ့ မဲရုံကိုယ်စားလှယ်စာရင်းတွေကို တပ်မတော်ဘက်က ရွာလူကြီးတွေထံမှာ ကနဦး တောင်းယူခံရပြီးနောက် မပေးဘဲနေရာကနေ အိမ်ကိုလာပြီး အခုလို မွှေနှောက်ရှာဖွေခဲ့တာလို့ ပြောပါတယ်။

ရဲကျွန်းဟာ မာန်အောင်မြို့ရဲ့ တောင်ဘက် စက်လှေနဲ့ နှစ်နာရီခန့်သွားရတဲ့ ကျွန်းပေါ်မှာရှိတဲ့ရွာဖြစ်ပြီးတော့ တပ်မတော်က အေအေ အဖွဲ့နဲ့ပတ်သက်လို့ ရွာကိုဝင်ရောက်စစ်ဆေးခဲ့တာလို့ သတင်းတွေ ထွက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

မဲရုံကိုယ်စားလှယ် သုံးဦးရဲ့ နေအိမ်တွေကို ရဲတပ်ဖွဲ့မပါဘဲ ဝင်ရောက်စစ်ဆေးတယ်ဆိုတဲ့ ပြောဆိုချက်၊ တပ်မတော်က စစ်ဆေးရတဲ့အကြောင်းရင်းနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပြီး တုံ့ပြန်ဖြေကြားချက်ရတဲ့အခါ ဆက်လက်တင်ပြပါမယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org