KNU တပ်မဟာ ၆ နယ်မြေမှာ အရပ်သား သုံးဦးသေ၊ ၁၇ ဦးဒဏ်ရာရ

KNU တပ်မဟာ (၆) နယ်မြေမှာ မေလ တစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား သုံးဦး သေဆုံးခဲ့ရသလို နောက်ထပ် ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

KNU တပ်မဟာ ၆ နယ်မြေ ဝင်းရေးမြို့နယ်၊ တံခွန်တိုင်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ပျက်စီးနေတဲ့ နေအိမ်များအား ၂၀၂၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့က တွေ့ရစဉ်။ 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကော့ကရိတ်မြို့နယ်တို့ ပါဝင်တဲ့ ကရင်အမျိုးသား အစည်းအရုံးရဲ့ တပ်မဟာ (၆) နယ်မြေမှာ မေလ တစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အရပ်သား သုံးဦး သေဆုံးခဲ့ရသလို နောက်ထပ် ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဇွန် ၂၃ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မေလအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု (၁၀၂) ကြိမ်နဲ့ လေကြောင်း တိုက်ခိုက်မှု ကိုးကြိမ်ရှိခဲ့ပြီး ခရစ်ယာန် ဘုရားကျောင်း တစ်ကျောင်း၊ နေအိမ် (၂၂) လုံး အပါအဝင် ကွမ်းသီးနဲ့ ရော်ဘာစိုက်ခင်းတွေ ပျက်စီးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

တပ်မဟာ (၆) နယ်မြေမှာ စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော် (၂၂,၅၂၃ ဦး) ရှိနေပြီး အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မေလ တစ်လအတွင်း စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပေါင်း ၃၀ အထိဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄၆ ဦးသေဆုံးကာ ၄၀ ဦး ဒဏ်ရာရခဲ့သလို KNU နဲ့ ပူးပေါင်းတပ်တွေဘက်ကလည်း တစ်ဦး သေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒီအချက်အလက်တွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့်လည်း လက်ခံဖြေဆိုတာ မရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org