လွှတ်တော်ကိုယ်စားလှယ်လောင်း နောက်ထပ် ၃ ဦး ပယ်ချခံရ
ချင်းဒီမိုကရေစီအဖွဲ့ချုပ် ပါတီက လွှတ်တော်ကိုယ်စား လှယ်လောင်း ၂ ဦးနဲ့ ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP က ကိုယ်စားလှယ်လောင်း ၁ ဦး စုစုပေါင်း ၃ ဦးဟာ လွှတ်တော် ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်တွေနဲ့ မညီလို့ဆိုပြီး ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲတွေက ပယ်ချထားတယ်လို့ သိရပါတယ်။
-
2015-08-28 -
-
-
ချင်းဒီမိုကရေစီအဖွဲ့ချုပ် ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ဦးနဲ့ ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP က ကိုယ်စားလှယ်လောင်း ၁ ဦး စုစုပေါင်း ၃ ဦးဟာ လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ် ချက်တွေနဲ့ မညီလို့ဆိုပြီး ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲတွေက ပယ်ချထားတယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း ၂၇ ဦးထဲက လောလောဆယ် စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်က ကိုယ်စားလှယ်လောင်း ၂ ဦး ပယ်ချခံထားရတယ်လို့ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဦးငိုင်ဆော့ခ်က ပြောပါတယ်။
"ကျနော်တို့ တမူးက ကိုယ်စားလှယ်တစ်ယောက်ကတော့ သူ့ရဲ့မိဘနှစ်ပါးက မဏိပူရမှာ အဲ့ဒီမှာ မွေးတယ်ဆိုပြီး အပယ်ခံရတယ်ပေါ့၊ သူကချင်းလူမျိုးပါပဲ အရင်တုန်းက သူ့အဖိုးကလည်း တီးတိန်မြို့နယ်က ချင်းတွေပါပဲ အဲ့ဒီမှာပဲဇာတိပေါ့နော်၊ နောက် ရခိုင်ပြည်နယ်က တိုင်းရင်းသားလူမျိုး အမတ်ပေါ့လေ ချင်းရေးရာဝန်ကြီးအတွက်ပေါ့ သူကအရင်က ချင်းမဟုတ်ဘူးဆိုပြီး အပယ်ခံရတာ"
ဖယ်ဒရယ်ပြည်ထောင်စုပါတီ FUP က မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုစန်းဟာ သူ့ကိုမွေးဖွားစဉ်က ဖခင်ဖြစ်သူဟာ နိုင်ငံသားမဖြစ်သေးလို့ဆိုပြီး ပယ်ချခံထားရတယ်လို့ FUP ပါတီဥက္ကဌ ဦးစောသန်းမြင့်က ပြောပါတယ်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန့်ဇော်ကလည်း အဲ့ဒီအချက်နဲ့ ငြိစွန်းနေတာကြောင့် စိစစ်ခံနေရပါတယ်။
လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ်ကနေ ပယ်ချခံထားရသူတွေဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ် အဆင့် ရွေးကောက်ပွဲကော်မရှင်ထံ အယူခံတင်ထားတယ်လို့ သိရပါတယ်။
RFA က မေးမြန်းစုံစမ်းချက်အရ ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချခံထားရသူ လက်ရှိအချိန်ထိ အယောက် ၂ဝ နီးပါးရှိနေပြီဖြစ်ပါတယ်။