ဖားကန့်မြေပြိုမှု အလောင်းသုံးလောင်း ထပ်တွေ့

ဒီဇင်ဘာ ၂၂ ရက် မနေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ဖားကန့် မြေစာပုံ ပြိုကျတဲ့အထဲ ပါသွားသူတွေကို ဒီနေ့ ဆက်လက်ရှာဖွေရာမှာ အမျိုးသား ရုပ်အလောင်း သုံးလောင်း ထပ်ရထားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ကိုဂျက်က RFA ကိုပြောပါတယ်။

ဖားကန့်မြို့နယ်မှာ မြေစာပုံပြိုကျခဲ့လို့ ပျောက်ဆုံးနေသူများကို ၂၀၂၁ ဒီဇင်ဘာ ၂၂ ရက်က ရှာဖွေရေး ပြုလုပ်နေစဉ် Photo: Citizen Journalist

ဒီဇင်ဘာ ၂၂ ရက် မနေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ဖားကန့် မြေစာပုံပြိုကျတဲ့အထဲ ပါသွားသူတွေကို ဒီနေ့ ဆက်လက်ရှာဖွေရာမှာ အမျိုးသားရုပ်အလောင်း သုံးလောင်း ထပ်ရထားတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ ကိုဂျက်က RFA ကိုပြောပါတယ်။

"ဒီနေ့ အမျိုးသား အလောင်း သုံးလောင်း ထပ်တွေ့တယ်၊ မနေ့က တစ်ဦးပါဆိုရင် စုစုပေါင်း လေးဦး ရှိပြီပေါ့။ မနက်ဖြန်အထိတော့ ထပ်ရှာမယ်၊ ပြီးရင်တော့ ပေါ်လာတာပဲ စောင့်ကြည့်ရတော့မယ်" လို့ ကိုဂျက်က ဆိုပါတယ်။

လက်ရှိ တွေ့ထားတဲ့ အလောင်းတွေဟာ စစ်ကိုင်းတိုင်းဘက်က ကျောက်လာရှာသူတွေ ဖြစ်တယ်လို့လည်း ကိုဂျက်က ပြောပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု သာယာကုန်းရွာအနားက ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်မှာ မနေ့ မနက်အစောပိုင်း ၃ နာရီလောက်က မြေပြိုမှုဖြစ်ခဲ့တာကြောင့် ရေမဆေးသမားတွေ၊ စျေးသည်တွေနဲ့ ကျောက်မှော်တိုက်သူတွေ အပါအဝင် စုစုပေါင်း အယောက် ၈၀ လောက် ပျောက်ဆုံးနေတယ် လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။

ပျောက်ဆုံးနေသူတွေထဲမှာ စျေးရောင်းတဲ့ အမျိုးသမီးငယ် နှစ်ဦးလည်း ပါတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။

ကိုဗစ်ကပ်ဘေးကြောင့် ဖားကန့်ဒေသက ကျောက်တူးဖော်မှုတွေကို ရပ်နားခဲ့ပေမယ့် စစ်တပ်က အာဏာ သိမ်းပြီး နောက်ပိုင်း အောက်တိုဘာလခန့်ကစပြီး တရားမဝင်ကျောက်တူးဖော်မှုတွေ ပြန်လည်လုပ်ကိုင် လာကြတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org