အဓမ္မပြုကျင့်ခံရတဲ့ ချင်းအမျိုးသမီးအမှု တရားမျှတမှုရရေး ဝိုင်းဝန်းကြိုးပမ်းကြဖို့ တောင်းဆို
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ် အာလွယ် (Aklui) ကျေးရွာမှာ ကလေး မီးဖွားပြီးစ အဓမ္မပြုကျင့်ခံရတဲ့ အသက် ၂၇ နှစ်အရွယ် ချင်းအမျိုးသမီးအမှုနဲ့ ပတ်သက်ပြီး တရားမျှတမှုရအောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့ ဒေသခံတွေနဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆို လိုက်ပါတယ်။
- 2021-11-15
-
-
-
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ် အာလွယ်(Aklui) ကျေးရွာမှာ အသက် ၂၇ နှစ်အရွယ် ကလေး မီးဖွားပြီးခါစ မိခင်တစ်ဦးကို စစ်ကောင်စီတပ်သား သုံးယောက်က ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၁ ရက်နေ့ ညပိုင်းက အဓမ္မပြုကျင့်ခဲ့ကြတယ်လို့ မိသားစုဝင်တွေက RFA ကို နိုဝင်ဘာလ ၁၄ ရက် မနေ့က ပြောဆိုထားကြပါတယ်။
အဲဒီနေ့ ည ၁၁ နာရီလောက်မှာ အာလွယ်ကျေးရွာက သူတို့နေအိမ်ထဲကို စစ်သား သုံးယောက် ဝင်ရောက် လာပြီး ခင်ပွန်းဖြစ်သူကို သေနတ်နဲ့တေ့ပြီး ရေချိုးခန်းထဲမှာ ဝပ်ခိုင်းထားပြီးတော့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးကို ခင်ပွန်းရှေ့မှာပဲ စစ်သားတွေက အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။
ဒီဖြစ်စဉ်ဟာ အင်မတန်မှ လူသားမဆန်တဲ့ စက်ဆုပ်ရွံရှာစရာကောင်းတဲ့ အပြုအမူတစ်ခုဖြစ်တာကြောင့် တရားမျှတမှုရရေး အားလုံးဝိုင်းဝန်းကြိုးပမ်းကြဖို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ဒါရိုက်တာ ဒေါ်သင်းယုမွန် က RFA ကို ပြောပါတယ်။
“ဒီလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို လက်နက်အနေနဲ့ အသုံးပြုခြင်းဟာ ကာယကံရှင်နဲ့ အမျိုးသမီးထု အပေါ် အဖိနှိပ်ခံဘက်မှာရှိနေတဲ့ လူထုတစ်ရပ်လုံးကို စိန်ခေါ်လိုက်တာပါပဲ။ ဒါက တကယ်တော့ ရေရှည် ကျင့်သုံးလိုက်လာခဲ့တဲ့ စနစ်ဆိုးကြီး ပြန်ပြီးတော့ အသက်ဝင်လာတာ ဖြစ်ပြီးတော့ ဒါက စစ်ရာဇဝတ်မှု မြောက်ပါတယ်။ ဒီလုပ်ရပ်က ကျမတို့ လူ့အဖွဲ့အစည်းမှာ ဘယ်လိုမှ လက်ခံလို့မရတဲ့ အကျည်းတန် အောက်တန်းကျပြီးတော့ နိမ့်ကျလွန်းတဲ့လုပ်ရပ်ဖြစ်ပြီးတော့ တရားမျှတမှု အပြည့်အဝရဖို့အတွက် အားလုံးဝိုင်းပြီးတော့မှ အားထုတ်ရမယ့်ဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်”
သူတို့ လူ့အခွင့်အရေးအဖွဲ့အနေနဲ့ ဒီလိုဖြစ်စဉ်တွေကို သတင်းမှတ်တမ်း အခိုင်အမာပြုလုပ်ပြီးတော့မှ မြန်မာ နိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်၊ အမျိုးသမီးအကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ ယန္တရားဆီကို ရောက်အောင် ပို့ဆောင်ပေးသွားမယ်လို့လည်း ဆိုပါတယ်။
အခုအချိန်မှာတော့ ကာယကံရှင် အမျိုးသမီးဖြစ်သူဟာ ဘယ်သူ့ကိုမှ မတွေ့ရဲဘဲ ကြောက်လန့်နေတဲ့အတွက် သူနာပြုတစ်ယောက်နဲ့ အနီးကပ်စောင့်ကြည့်ပေးထားရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အာလွယ် ရွာသားတစ်ယောက်က RFA ကို ပြောပါတယ်။
“အခု လောလောဆယ်တော့ အနီးအနားမှာရှိတဲ့ သူနာပြုတစ်ယောက်နဲ့ သူ့ကိုလိုအပ်မယ့်ဟာတွေ လုပ်ထားတယ်။ ပြီးတော့မှ အခု ကိုယ်ဝန်တားဆေးရယ် ပြီးတော့မှ ကာလသားရောဂါ တားဆေးရယ် ထိုးဖို့အတွက်ပဲ ပြင်ဆင်နေတယ်။ အဲဒါထိုးပြီးရင်တော့ ကျနော်တို့ သူ့အတွက် အလုံခြုံဆုံးဖြစ်မယ့် နယ်စပ်ဘက်အထိကို ပို့ပေးဖို့အထိ စီစဉ်ထားပါတယ်ဗျ”
အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အသက် ၂၇ နှစ်အရွယ် ချင်းအမျိုးသမီးဟာ ကလေးမွေးဖွားထားတာ အချိန်တစ်လခန့် သာရှိသေးပြီး ဖခင်မရှိတော့တာအပြင် ခင်ပွန်းဖြစ်သူကလည်း သူရှိနေရဲ့နဲ့ အခုလိုဖြစ်ရတာဆိုပြီး မိသားစု တစ်ခုလုံး ဆောက်တည်ရာမရအောင် စိတ်ထိခိုက်နေကြရတယ်လို့ ဒေသခံကျေးရွာတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ သူတို့ကျေးရွာကို မရောက်လာခင် ချင်းပြည်နယ် တီးတိန်မြို့နယ်က ကနေဒီ တောင်ကြောမှာ ဒေသကာကွယ်ရေး zoland PDF အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် တီးတိန် - ကလေး လမ်းမဘေးရှိတဲ့ အာလွယ်ကျေးရွာကို ဝင်ရောက်လာခဲ့ကြတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
အာလွယ်ရွာထဲမှာ တပ်စွဲခဲ့ပြီးနောက် ဒေသခံတွေရဲ့ ငွေကြေးနဲ့၊ ရွှေထည်ပစ္စည်းတွေ၊ လက်ကိုင်ဖုန်းတွေကိုပါ သိမ်းယူသွားကြတယ်လို့ ဆိုပါတယ်။
"လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို လက်နက်အနေနဲ့ အသုံးပြုခြင်းဟာ အဖိနှိပ်ခံဘက်မှာရှိနေတဲ့ လူထုတစ်ရပ်လုံးကို စိန်ခေါ်လိုက်တာပါပဲ"
အခုလို အာလွယ်ကျေးရွာဖြစ်စဉ် ပေါ်ပေါက်ပြီးနောက်ပိုင်းမှာ ကျေးရွာမှာနေထိုင်တဲ့ လူဦးရေ ၄၀ လောက်ဟာ တခြားကျေးရွာတွေဆီကို တိမ်းရှောင်သွားကြသလို ရွာမှာရှိတဲ့ စစ်တပ်ကလည်း ရွာကနေ ပြန်လည်ဆုတ်ခွာ သွားပြီး ဖလမ်းနဲ့ တီးတိန်လမ်းခွဲရှိတဲ့ လမ်းဆုံနေရာကို ရောက်ရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ ဒီဖြစ်စဉ်ကို သူတို့အနေနဲ့ မသိရှိ ရသေးပေမဲ့ အဖြစ်အပျက်ကို စုံစမ်းနေတယ်လို့ RFA ကို ပြောပါတယ်။
“မသိပါဘူး။ ဟုတ်တယ်ဆိုရင်တော့ ကျနော်တို့က သူ့စည်းမျဉ်း၊ စည်းကမ်း ဥပဒေအတိုင်းပဲ ဆောင်ရွက် သွားပါ့မယ်။ ဒါကတော့ မသိသေးဘူး။ စုံစမ်းနေဆဲပဲဖြစ်တယ်လို့ ပြောရမှာပဲ။ ကျနော်တို့ ပြောနိုင်တာက မှန်ခဲ့တယ်ဆိုရင်တော့ စစ်ဘက်ဥပဒေအရာရော နယ်ဘက်ဥပဒေအရရော အရေးယူသွားမှာ ဖြစ်ပါတယ်။ မှန်၊ မမှန်တော့ ကျနော်တို့ ပြောလို့မရသေးပါဘူးဗျ”
အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးရဲ့ ဦးလေးဖြစ်သူကတော့ အဓမ္မပြုကျင့်သွားတဲ့ လက်မောင်းမှာ ၂၂ ဆိုတဲ့ နံပါတ်ကို တွေ့လိုက်ရတယ်လို့ ပြောပါတယ်။
“ပါဒါလ်ရေ ကျွန်မကို မုဒိမ်းကျင့်တယ်နော် သုံးယောက် မုဒိမ်းကျင့်တာလို့ပြောတယ်။ ၁၂ ရက်နေ့ လာပြောတဲ့အချိန်မှာလည်း စိတ်ဓာတ်တအားကျတာလေ။ တအားသိက္ခာကျလို့။ ကျနော်လည်း သမီးဆီမှာ ပြန်မမေးတော့ဘူး။ တပ်တွေကလည်း ဒီမှာအများကြီးရှိတယ်။ တအားလန့်တာ ပြီးတော့ သမီးကလည်း ရွာမှာပြန်သွားပြီဆိုတော့ ဖုန်းလည်း မဆက်တော့ဘူး ဒီတိုင်းပဲနေတာလေ။ ဘယ်တပ်ရင်းကလည်း ဆိုတာတောင် မသိဘူး။ သူတို့ရဲ့ လက်မောင်းမှာ ၂၂ လို့တော့ တွေ့တယ်”
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း စစ်ပွဲအတွင်း အမျိုးသမီး တွေကို ပစ်မှတ်ထား အနိုင်ကျင့်စော်ကားတာဟာ စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ အမျိုးသမီးတွေရဲ့ လုံခြုံရေး၊ အသက်၊ အရှက်တရားနဲ့ အခွင့်အရေးတွေကို ချိုးဖောက်ကျူးလွန်တာဖြစ်ပြီး ချင်းတစ်မျိုးသားလုံးနဲ့ မြန်မာပြည်သူတွေ ကို စော်ကားဖြစ်တယ်လို့ ဒီနေ့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဖာခတ်ကျေးရွာမှာ ခြံစောင့်နေတဲ့ အသက် ၆၂ နှစ်အရွယ် ကချင်အမျိုးသမီး တစ်ယောက်ကို စစ်ကောင်စီတပ်သားတစ်ယောက် က အဓမ္မပြုကျင့်ခဲ့ကြပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီက ဟုတ်မှန်တယ်လို့ ဝန်ခံထားပြီး ကျူးလွန်သူကို စစ်ဘက်၊ နယ်ဘက် ဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။