မလေးရှားမှာ မြန်မာ ၃ ဦး မြေပြိုသေဆုံး

မလေးရှားနိုင်ငံ Cameron Highlands ကမရွန်း ဟိုင်းလန်းစ် ခရိုင် Kuala Terla ကွာလာတားလာမြို့မှာ တနင်္ဂနွေနေ့ အာရုံမတက်မီ မနက် ၃ နာရီခန့်က မြေပြိုကျတဲ့အတွက် မြန်မာနိုင်ငံသား ၃ ဦး သေဆုံးသွားပါတယ်။

မလေးရှားနိုင်ငံ Cameron Highlands မှာ မြေပြိုကျမှုကြောင့် သေဆုံးသွားတဲ့ မြန်မာတဦးရဲ့ရုပ်အလောင်းကို ကယ်ဆယ်ရေးသမားတွေ သယ်ဆောင်လာစဉ် Photo: Facebook/Fire & Rescue Department of Malaysia

မလေးရှားနိုင်ငံ Cameron Highlands ကမရွန်း ဟိုင်းလန်းစ် ခရိုင် Kuala Terla ကွာလာတားလာမြို့မှာ တနင်္ဂနွေနေ့ အာရုံမတက်မီ မနက် ၃ နာရီခန့်က မြေပြိုကျတဲ့အတွက် မြန်မာနိုင်ငံသား ၃ ဦး သေဆုံးသွားပါတယ်။ သေဆုံးသူတွေဟာ အသက် ၂၃ နှစ်စီပဲ ရှိကြသေးတဲ့ ကိုအောင်သောင်းနဲ့ သူ့ဇနီး မနိုင်အပြင် သူတို့ရဲ့ မိတ်ဆွေ အသက် ၃၄ နှစ်ရှိတဲ့ မအေးအေးမူ ဆိုတဲ့ အမျိုးသမီးတဦးတို့ ဖြစ်ပါတယ်။

အဲဒီသူတွေဟာ မလေးရှားမှာ စိုက်ပျိုးရေးအလုပ်သမားတွေအဖြစ် ကားလမ်းတခုအောက်က ချိုင့်ထဲမှာ တဲထိုးပြီး လာရောက်နေထိုင်ကြသူတွေပါ။ မိုးသည်းထန်တဲ့အတွက် ကမ်းပါးယံပြိုကျခဲ့ရာမှာ အဲဒီ တဲကလေးတခုလုံး မြေအောက်ရောက်သွားခဲ့တယ်လို့ မလေးရှား ရဲတပ်ဖွဲ့က ပြောပါတယ်။

သူတို့အိပ်မောကျနေစဉ် မြေပျိုကျခဲ့တာဖြစ်ပြီး နေ့လည်ပိုင်းမှာမှာ ရဲနဲ့ကယ်ဆယ်ရေးတွေက သိရှိခဲ့တယ်လို့ဆို ပါတယ်။ ရဲတွေရောက်ရှိသွားချိန်မှာ အဲဒီလူတွေရဲ့ အသိမိတ်ဆွေတွေက အလောင်း ၂ လောင်းကို တူးဖေါ်ရရှိခဲ့ပြီးပြီ လို့ သိရပါတယ်။ သေဆုံးသူ ၃ ဦးရဲ့ ရုပ်အလောင်းတွေကို အခု Tenah Rata တာနာရာတားမြို့က ဆေးရုံကို ပို့ဆောင်လိုက်ပြီဖြစ်ပြီး သက်ဆိုင်ရာက ခွဲစိပ်စစ်ဆေးနေတယ်လို့ ပြောပါတယ်။

သူတို့နေတဲ့တဲဟာ တရားမဝင် ဆောက်လုပ်ထားတဲ့ တဲအိမ်ဖြစ်တယ်လို့ ရဲကပြောပါတယ်။ အဲဒီ သေဆုံးသူတွေဟာ မလေးရှားမှာ တရားဝင် လာရောက်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေလား ဆိုတာတော့ မသိရသေးပါဘူး။

မလေးရှားမှာ မြန်မာအလုပ်သမား ၄ သိန်းကနေ ၅ သိန်းအထိ ရှိတဲ့အနက် တရားဝင်လာရောက် နေထိုင် လုပ်ကိုင်သူက ၂ သိန်းခန့်ပဲရှိတယ်လို့ ခန့်မှန်းကြပါတယ်။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org