ရခိုင်မှာ PDF နဲ့ဆက်စပ်ပြီး ဖမ်းဆီးခံရသူ သုံးဦးအထိရှိလာ
ရခိုင်ပြည်နယ် သံတွဲမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ နေ့လယ်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) နဲ့ ဆက်စပ်တယ်ဆိုပြီး အရပ်သား တစ်ဦး ထမ်မံဖမ်းဆီးခံလိုက်ရတယ်လို့ ကာယကံရှင်နဲ့ရင်းနှီးတဲ့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
- 2021-10-25
-
-
-
ရခိုင်ပြည်နယ် သံတွဲမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ နေ့လယ်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) နဲ့ ဆက်စပ်တယ်ဆိုပြီး အရပ်သား တစ်ဦး ထမ်မံဖမ်းဆီးခံလိုက်ရတယ်လို့ ကာယကံရှင်နဲ့ရင်းနှီးတဲ့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
ဖမ်းဆီးခံလိုက်ရသူဟာ အသက် ၂၅ နှစ်အရွယ် ကိုရဲနိုင်ဦး ဖြစ်ပါတယ်။ သူဟာ သံတွဲမြို့မှာ ကိုဗစ်ကာကွယ် ရေးနဲ့ ရေးဘေးကယ်ဆယ်ရေးကိစ္စတွေကို လုပ်ဆောင်နေတဲ့ ပရဟိတသမား တစ်ဦး ဖြစ်တယ်လို့လည်း ပြောပါတယ်။
ကိုရဲနိုင်ဦးဟာ သူ့ရဲ့ မူလအလုပ်ဖြစ်တဲ့ သုံးဘီးမောင်းနေစဉ် ယူနီဖောင်းဝတ်ထားတဲ့ ရဲလေးဦးက စစ်ဆေးမေး မြန်းစရာရှိတယ်ဆိုပြီးတော့ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး အခုအချိန်အထိ အဆက်အသွယ် မရသေးဘူး လို့လည်း ဆိုပါတယ်။
အခုလက်ရှိတော့ သူ့ကို သံတွဲမြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး PDF နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ သိရကြောင်း အဲဒီဒေသခံက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့ကလည်း သံတွဲမြို့မှာ လူမှုရေးအလုပ်တွေမှာ တက်တက်ကြွကြွ ပါဝင် လေ့ရှိတဲ့ ဦးစိန်ချစ်ကို PDF နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ရဲကဖမ်းဆီးခဲ့သလို အောက်တိုဘာလ ၁၉ ရက်နေ့မှာလည်း မြောက်ဦးမြို့နယ် ပန်းမော်ကျေးရွာ စာရေးဆရာလူငယ် ကိုအောင်နိုင်မြင့်ကို အလားတူ ဖမ်းဆီးခဲ့တယ်လို့ မိသားစုအသိုင်းအဝိုင်းက ပြောပါတယ်။
ဒါကြောင့် ရခိုင်ပြည်နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံရသူ သုံးဦးအထိ ရှိသွားပြီဖြစ်ပါတယ်။
ဦးစိန်ချစ်ကိုတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (က)၊ ၅၂ (က) တို့နဲ့ အမှုဖွင့်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။