ညောင်သုံးပင်ရွာသားကို ရဲ ၃ ဦးက ရိုက်နှက်လို့ ဆေးကုသမှုခံနေရ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ညောင်သုံးပင်ကျေးရွာမှာ လယ်ထဲကပြန်လာတဲ့ ရွာသားတစ်ဦးကို ရဲတပ်ဖွဲ့ဝင် ၃ ဦးက သံတုတ်နဲ့ ရိုက်နှက်ထိုးကြိတ်တာကြောင့် မြို့နယ်ဆေးရုံမှာ ဆေးကုသမှုခံနေရတဲ့အပြင် ရဲတပ်ဖွဲ့က တရားစွဲဆိုတာကိုလည်း ခံနေရတယ်လို့ သိရပါတယ်။

ရဲရိုက်နှက်တာကြောင့် ဆေးရုံတက်နေရတဲ့ ညောင်သုံးပင်ရွာသား ကိုအောင်ကျော်မိုး ကို တွေ့ရစဉ် Photo: Kyi Lwin's Facebook

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ညောင်သုံးပင်ကျေးရွာမှာ လယ်ထဲကပြန်လာတဲ့ ရွာသားတစ်ဦးကို ရဲတပ်ဖွဲ့ဝင် ၃ ဦးက သံတုတ်နဲ့ ရိုက်နှက်ထိုးကြိတ်တာကြောင့် မြို့နယ်ဆေးရုံမှာ ဆေးကုသမှုခံနေရတဲ့အပြင် ရဲတပ်ဖွဲ့က တရားစွဲဆိုတာကိုလည်း ခံနေရတယ်လို့ သိရပါတယ်။

နွားတွေနဲ့အတူ လယ်ထဲက ပြန်လာစဉ် လမ်းပိတ်တယ်ဆိုပြီး ရဲတွေက ရိုက်နှက်ခဲ့ကြတာလို့ အရိုက်ခံရသူ ကိုအောင်ကျော်မိုးရဲ့ဖခင် ဦးသံချောင်း က RFA ကို ဒီနေ့ ပြောပါတယ်။

"ဘာပြစ်မှုမှမရှိပါဘူး၊ ကျနော့်သားက လယ်ထဲကနေ နွားဆွဲပြီးအပြန်မှာ နွားကလန့်ပြီး ကားရှေ့ဖြတ်တော့ လမ်းပိတ်တယ်ဆိုပြီး ဆင်းပြီးတော့ လက်ထိပ်ခတ် ရိုက်နှက်ခေါ်လာပြီးတော့ ခုဆေးရုံရောက်နေပါတယ်၊  ဆေးရုံကလက်မခံဘူး ပြန်ဆင်းခိုင်းနေတယ်၊ ခေါင်းမူးနေတယ်လို့ပြောလည်း မရပါဘူး"

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းက လယ်ထဲက ပြန်လာစဉ် အရပ်ဝတ်ဝတ်ထားတဲ့ နယ်ထိန်း ဦးဇော်မင်းဦး အပါအဝင် ရဲ ၃ ဦးက လမ်းပိတ်တယ်ဆိုပြီး လက်ထိပ်ခတ်ကာ သံတုတ်နဲ့ ရိုက်နှက်ခဲ့တာလို့ ကိုအောင်ကျော်မိုးရဲ့ မိသားစုဝင်တွေ ကပြောပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ထန်းတပင်မြို့မ ရဲစခန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ စခန်းမှူး ဒုရဲမှူးဇော်ထွန်း က ကိုအောင်ကျော်မိုးဆိုသူဟာ လမ်းမှာ မူးယစ်ရမ်းကားနေတာကြောင့် ရဲတပ်ဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့  ပြောပါတယ်။

"ရိုက်တာပြုတာတော့မရှိပါဘူး၊ တရားခံဖမ်းဆီးတာနဲ့ ပတ်သက်ပြီးတော့ သူလုံးကိုယ်လုံးမို့လို့ ခိုက်မိတာတော့ ရှိတယ်၊ သူက အရက်မူးပြီးတော့ လမ်းတွေကို ပိတ်ဆို့ပြီးတော့ မူးယစ်ရမ်းကားနေလို့ဖမ်းတာ"

လောလောဆယ် ကိုအောင်ကျော်မိုးကို မူးယစ်ရမ်းကားမှု၊ တာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းကို ထိခိုက်နာကျင်စေမှု ပုဒ်မနှစ်ခုနဲ့လည်း အမှုဖွင့်ထားတယ်လို့ စခန်းမှူးက ပြောပါတယ်။

တရားစွဲခံထားရတဲ့ ကိုအောင်ကျော်မိုးဟာ ရဲတပ်ဖွဲ့က ရိုက်နက်ထားတဲ့ ဒဏ်ရာတွေကြောင့် ဦးခေါင်းဒဏ်ရာရပြီး ၆ ချက် ချုပ်ထားရကြောင်း၊ ဒဏ်ရာပြင်းထန်တဲ့အတွက် စက်တင်ဘာလ ၁၇ ရက် နေ့က ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူခဲ့ရကြောင်းလည်း မိသားစုဝင်တွေက ပြောပါတယ်။    

ရန်ကုန်ဆေးရုံကြီးက ပြန်ဆင်းလာခဲ့ပေမယ့် မသက်သာသေးတာကြောင့် စက်တင်ဘာ ၁၈ ရက်နေ့က ထန်းတပင်မြို့နယ်ဆေးရုံကြီးမှာ ဆက်လက်ကုသမှုခံခဲ့ပေမဲ့ ဆေးရုံတာဝန်ရှိသူတွေက ဆေးရုံကနေ အတင်းအကြပ် သူ့ကို ဆင်းခိုင်းနေတယ်လို့လည်း မိသားစုဝင်တွေက ပြောပါတယ်။

မိသားစုဝင်တွေကတော့ ကိုအောင်ကျော်မိုးကို ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ နယ်ထိန်း ဦးဇော်မင်းဦး အပါအဝင် ၃ ဦးကို အရေးယူပေးဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ပြည်ထဲရေးဝန်ကြီးနဲ့  လွှတ်တော် ကိုယ်စားလှယ်တွေကို တိုင်ကြားစာပေးပို့ထားတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org