တပ်က ညှဉ်းပန်းနှိပ်စက်တယ်လို့ ဖမ်းဆီးခံရသူတွေ တရားရုံးမှာ ထွက်ဆို

AA အဖွဲ့ဝင်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံထားရတဲ့ တင်းထိန်ကန်ကျေးရွာက လူငယ်နှစ်ဦးဟာ တပ်မတော်က စစ်ဆေးစဉ်မှာ ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း မနေ့က ကျောက်တော်မြို့နယ် တရားရုံးမှာ ထွက်ဆိုခဲ့တယ်လို့ RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တင်းထိန်ကန်ကျေးရွာက ကိုမျိုးဟိန်းဆွေ ကို ကျောက်တော်မြို့နယ်တရားရုံးမှာ ၂၀၁၉၊ ဇွန် ၂၅ ရက်နေ့က ရုံးထုတ်စဉ် ဓါတ်ပုံ - ဦးမြတ်ထွန်း

AA အဖွဲ့ဝင်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တင်းထိန်ကန်ကျေးရွာက လူငယ် နှစ်ဦးဟာ တပ်မတော်က စစ်ဆေးစဉ်မှာ ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း မနေ့က ကျောက်တော်မြို့နယ် တရားရုံးမှာ ထွက်ဆိုခဲ့တယ်လို့ တရားရုံး တက်ရောက်ခဲ့တဲ့ မိသားစုဝင်တွေနဲ့ ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့က RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တင်းထိန်ကန်ကျေးရွာက ကိုမျိုးဟိန်းဆွေနဲ့ ကိုစိုးမောင်သန်း တို့နှစ်ဦးဟာ ဇွန်လ ၂၂ ရက်နေ့က ဝေသာလီကျေးရွာအနီးမှာ ဖမ်းဆီးခံခဲ့ရတာပါ။

အဲဒီနေ့က ဝေသာလီကျေးရွာအနီး ကားလမ်းမပေါ်မှာ AA အဖွဲ့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အဝေးထိန်းမိုင်း နှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးနောက် သူတို့နှစ်ဦးကို AA အဖွဲ့ဝင်ဆိုပြီး မသင်္ကာတဲ့အတွက် ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ တပ်မတော်က ဇွန်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

သူတို့နှစ်ဦးကို AA အဖွဲ့ဝင်ဆိုပြီး မသင်္ကာတဲ့အတွက် ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ တပ်မတော်က ထုတ်ပြန်ခဲ့ပါတယ်။

သူတို့နှစ်ဦး အပါအဝင် သံသယနဲ့ ဖမ်းဆီးထားတဲ့ လူကိုးဦးကို ကျောက်တော်မြို့နယ် တရားရုံးမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ မနေ့ကရုံးထုတ် ရမန်ယူခဲ့တာဖြစ်ပါတယ်။

တပ်မတော်က ဖမ်းဆီးစစ်ဆေးစဉ် ရိုက်နှက်နှိပ်စက်ခဲ့တယ် ဆိုပြီး   ကျောက်တော်မြို့နယ်တရားရုံးမှာ မနေ့က ထွက်ဆို ခဲ့ကြတာနဲ့ ပတ်သက်လို့   တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ရာမှာ တရားရုံးကစစ်ဆေးရင် အဖြေမှန်ထွက်မှာဖြစ်တယ်လို့  ဖြေပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ ကိုမျိုးဟိန်းဆွေရဲ့ဖခင် ဦးမောင်သိန်းလှကတော့ သားဖြစ်သူရဲ့မျက်နှာမှာ ရိုက်နှက်နှိပ်စက် ခံထားရတဲ့ ဒဏ်ရာတွေကြောင့် မျက်နှာပြင်တစ်ခုလုံး ရောင်ရမ်းနေပြီး သားဖြစ်သူကို ရုတ်တရက် မမှတ် မိတော့ဘူးလို့ ပြောပါတယ်။

ကိုမျိုးဟိန်းဆွေနဲ့ ကိုစိုးမောင်သန်း တို့နှစ်ဦးရဲ့ဒဏ်ရာဟာ ပြင်းထန်တဲ့အတွက် မနေ့က ရုံးထုတ်ရမန်ယူပြီးနောက် ကျောက်တော်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့လည်း ဆိုပါတယ်။

သူတို့နှစ်ဦးဟာ ရင်ဘတ်တွေအောင့်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနာကျင်နေတယ်ဆိုတာကြောင့် လောလော ဆယ် ဓာတ်မှန်ရိုက်ထားပြီး အဖြေကိုတော့ မသိရသေးဘူးလို့ မိသားစုကပြောပါတယ်။

သံသယနဲ့ဖမ်းဆီးစစ်ဆေးခံရတဲ့လူငယ်တွေ စစ်ကြောရေးမှာ နှိပ်စက်ခံရတာနဲ့ပတ်သက်လို့ မိသားစုတွေရဲ့ တောင်းဆိုချက်အရ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ မကြာခင်ရက်ပိုင်းအတွင်းမှာ တင်ပြသွားမယ်လို့လည်း ဦးမြတ်ထွန်းက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org