တစ်နှစ်ကျော်ကြာ ထွက်ပြေးနေရတဲ့ တင်းမရွာသားတွေ နေရပ်ပြန်ရေးကြိုးပမ်း
ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ တစ်နှစ် ကျော်ကြာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခိုလှုံနေရတဲ့ တင်းမကျေးရွာသားတွေဟာ အခုလက်ရှိဒုက္ခသည်စခန်းမှာ စားဝတ်နေရေး ပိုပြီးခက်ခဲကျပ်တည်းလာတာကြောင့် လာမယ့်အောက်တိုဘာလ ၂၂ ရက်နေ့မှာ နေရပ်ပြန်ဖို့ ပြင်ဆင်နေပြီလို့ ကျေးရွာသားတွေက ပြောပါတယ်။
-
ရဲစည်သူကာ (ဝါရှင်တန် ဒီစီ)
2021-09-22 -
-
-
ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ တစ်နှစ်ကျော်ကြာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခိုလှုံနေရတဲ့ တင်းမကျေးရွာသားတွေဟာ အခုလက်ရှိဒုက္ခသည်စခန်းမှာ စားဝတ်နေရေး ပိုပြီး ခက်ခဲကျပ်တည်းလာတာကြောင့် လာမယ့်အောက်တိုဘာလ ၂၂ ရက်နေ့မှာ နေရပ်ပြန်ဖို့ ပြင်ဆင်နေပြီလို့ ကျေးရွာသားတွေက ပြောပါတယ်။
ကျေးရွာသားတွေ နေရပ်ပြန်နိုင်ရေးအတွက် ပြည်နယ်စစ်ကောင်စီကို တင်ပြထားပြီး ဒီနေ့အထိ တစ်စုံတစ်ရာ အကြောင်းပြန်မလာသေးပေမယ့် ကျေးရွာသားတွေကတော့ မကြာခင်နေရပ်ပြန်ဖို့ ဆုံးဖြတ်ထားကြပြီလို့ တင်းမကျေးရွာက ဆရာတော် ဦးဝါယမိန္ဒ က မိန့်ပါတယ်။
“ကယ်ဆယ်ရေးစခန်းမှာနေတဲ့ ရပ်သူရွာသားအားလုံး တစ်ခါတည်းပြန်သွားလို့ရှိရင် စားရေးသောက်ရေး၊ နေရေးထိုင်ရေး အကုန်လုံးပေ့ါလေ အခက်အခဲတွေ အများကြီးတယ်။ ဒါကြောင့် ဒီလူတွေကိုတော့ အကုန် လုံး ပြန်မခိုင်းသေးပါဘူး။ ဘယ်လိုပြန်မလဲဆိုတော့ ဦးပဇ္ဇင်းတို့က ယာယီသဘောမျိုးပေါ့လေ။ ဦးပဇ္ဇင်း တို့ကတော့ အဲဒီမှာ တစ်ခါတည်းနေချင်ရင်လည်း နေလိုက်မှာ ကိုယ့်ကျောင်းမှာပေါ့လေ။ အခုက တိုက်ပွဲဖြစ်နေတဲ့အချိန်လည်းမဟုတ်ဘူး။ ၁၀ လပိုင်း ၂၂ ရက်နေ့ကျလို့ရှိရင် သူတို့ခွင့်ပြုပြု မပြုပြု ဦးပဇ္ဇင်းတို့က ပြန်ဖြစ်အောင်တော့ပြန်မယ်”
တင်းမကျေးရွာဟာ အိမ်ခြေ ၈၅၀ ခန့်ရှိတဲ့ ကျေးရွာတစ်ရွာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လ ၁၃ နဲ့ ၁၆ ရက်နေ့တွေမှာ အဲဒီတင်းမရွာသစ်က ရွာသား ရှစ်ဦးနဲ့ တင်းမကြီးရွာက ရွာသား ၁၀ ဦးကို မြန်မာစစ်တပ်က ရွာထဲကနေ အသီးသီး ဖမ်းဆီးသွားပြီးနောက် ဒီနေ့အချိန်အထိ ဘာသတင်းမှမရတော့ဘဲ ပျောက်ဆုံးနေ တာပါ။
စစ်ရေးပဋိပက္ခကြောင့် ကျေးရွာသားတွေ အားလုံးနီးပါး ထွက်ပြေးသွားပြီးနောက် ရက်အနည်းငယ်အကြာမှာပဲ အဲဒီတင်းမကျေးရွာမှာ အိမ်ခြေ နှစ်ရာနီးပါး မီးရှို့ဖျက်ဆီးခံလိုက်ရသလို တခြားနေအိမ်တွေဟာလည်း အခုလက်ရှိမှာ အကုန်လုံးနီးပါး ပျက်စီးသွားပြီလို့လည်း ဒေသခံတွေက ဆိုပါတယ်။
အခုလက်ရှိမှာ တင်းမကျေးရွာက အိမ်ထောင်စု ၈၅၀ ခန့်နဲ့ လူဦးရေ ၄၀၀၀ ကျော်ဟာ ကျောက်တော်မြို့ ပေါ်မှာ ထွက်ပြေးခိုလှုံနေကြတာပါ။
အခုအချိန်မှာ ဒုက္ခသည်စခန်းမှာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရလို့ နေရပ်ပြန်ပြီး ရွာကိုပြန်လည် တည်ဆောက်ဖို့ ပြင်ဆင်နေကြတာလို့ တင်းမကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ဝင်း က ပြောပါတယ်။
“ဒီမှာက နေရတာလည်း အဆင်မပြေဘူး။ စားရတာလည်း အဆင်မပြေဘူး။ အဲဒါကြောင့် ကျွန်တော့်တို့ ကိုယ့် တင်းမရွာကို ပြန်ချင်တာပေါ့။ ဒီမှာက အခန်းတစ်ခန်းမှာ မိသားစုသုံးစုထားတော့ ဘယ်လိုမှ အဆင် မပြေဘူး။ အဲဒါကြောင့် ကျွန်တော်တို့က ဒီမှာမနေချင်တော့ဘူး။ ကျွန်တော်တို့ ရွာမှာဆိုလို့ရှိရင် ကိုယ့်အိမ် ကိုယ့်ယာ၊ ဥယျာဉ်စိုက်ခင်းနဲ့၊ ကိုယ့်လယ်ယာနဲ့ အေးအေးဆေးဆေးလုပ်စားလို့ အဆင်ပြေပါတယ်”
ဒုက္ခသည်စခန်းက ဆယ်ပေပတ်လည်လောက်ရှိတဲ့အခန်းထဲမှာ မိသားစုသုံးစုလောက်အထိ စုပြုံနေကြရသလို အခု ကိုဗစ်ကပ်ဘေးကြောင့် နိုင်ငံတကာအဖွဲ့တွေနဲ့ အလှူရှင်တွေလည်း မရောက်တော့တာကြောင့် ပိုပြီး အခက်အခဲဖြစ်နေတယ်လို့လည်းဆိုပါတယ်။
"ကျွန်တော်တို့ ဒီမှာမနေချင်တော့ဘူး”
တင်းမကြီးကျေးရွာသားတစ်ဦးဖြစ်တဲ့ ဦးဦးစောသိန်း ကလည်း နေရပ်ပြန်ဖို့အတွက် ကျောက်တော်မြို့မှာ ရရာနေ့အစားအလုပ်တွေကို လုပ်ကိုင်ပြီး ငွေကြေး စုဆောင်းနေတယ်လို့ RFA ကို ပြောပါတယ်။
“ကယ်ဆယ်ရေးစခန်းမှာဆိုတော့ ဒီမြို့ကလူတွေ မလုပ်ချင်တဲ့ ပေပေတေတေအလုပ်မျိုးပေါ့။ အိမ်သာ ကျင်းတွေတူးတယ်။ ရေမြောင်းတွေတူးတယ်။ ပန်းရံတွေလုပ်တယ်။ ပြီးတော့ တခြား ကားဂိတ်မှာ ကုန်တင်၊ ကုန်ချလုပ်တယ်။ ဒါမျိုးတွေ ကြုံရာကျပန်းတွေလုပ်ပြီး ကျွန်တော်တို့ကြိုးစားနေပါတယ်။ ရသမျှကိုလည်း အခုဆိုရင် ကျွန်တော်တို့မှာ မျှမျှတတစားပြီးတော့ ရွာပြန်ဖို့စုဆောင်းနေပါတယ်”
တင်းမကျေးရွာသားတွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလကစလို့ နေရပ်ပြန်နိုင်ဖို့အတွက် ကြိုးစားနေတာပါ။
နေရပ်ပြန်နိုင်ရေးနဲ့ ပတ်သက်လို့ ကျေးရွာအနီးအနားမှာ မိုင်းအန္တရာယ်တွေရှင်းဖို့၊ ပျက်စီးဆုံးရှုံးသွား တာတွေကို နစ်နာကြေးတွေပေးဖို့ အပါအဝင် ရွာအနီးမှာ တပ်စွဲထားတာတွေကို ရုပ်သိမ်းပေးဖို့ကိုလည်း ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့က ပြည်နယ်စစ်ကောင်စီထံ စာတင်ပြီး တင်ပြတောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ အခုအချိန်ထိ တစ်စုံတစ်ရာလုပ်ပေးတာ မရှိသေးဘူးလို့လည်း ကျေးရွာသားတွေက RFA ကို ပြောပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်း ကတော့ ကျေးရွာသားတွေအတွက် လိုအပ်တဲ့အကူအညီတွေကို စစ်ကောင်စီက ပေးဖို့လိုကြောင်း ပြောပါတယ်။
“တင်းမရွာက လူတွေအပါအဝင် အဲဒီဘက်က စစ်ဘေးဒုက္ခသည်တော်တော်များများက ပြန်သွားရင် သူတို့ ဘဝကို ဘာမှာမရှိတာကနေပြန်စရမှာ။ ပထမတစ်ချက်အနေနဲ့ သူတို့ရဲ့နေထိုင်မှုကိစ္စတွေပေါ့။ အဲဒါတွေကို စီစဉ်ပေးဖို့လိုမယ်။ သူတို့လုပ်ငန်းတွေကို ပြန်မစနိုင်သေးတဲ့အချိန်မှာ မိသားစုစားဝတ်နေရေးကို အနည်း ဆုံး ကာလတစ်ခုကို တာဝန်ယူပေးဖို့လိုမယ်။ ပြီးရင် သူတို့ပြန်လည်ထူထောင်တဲ့အခါမှာ သူတို့လုပ်ကိုင် စားသောက်နေတဲ့၊ အရင်ကလုပ်ကိုင်စားသောက်ခဲ့တဲ့ လယ်ယာကိုင်းကျွန်းတွေရှိတယ်။ အဲဒါတွေကို နည်းပညာနဲ့ရော လူသားချင်းစားနာမှု အကူအညီလေးတွေပေ့ါ ထောက်ပံ့ပေးဖို့လိုမယ်”
အခုလို တင်းမကျေးရွာသားတွေ နေရပ်ပြန်ဖို့ လုပ်ဆောင်နေတာနဲ့ ပတ်သက်လို့ ကူညီပေးဖို့ အစီအစဉ်ရှိ မရှိ သိနိုင်ဖို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း ကို RFA ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစလို့ တိုက်ပွဲ တွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ ၁၂ ရက်ကနေ တိုက်ပွဲတွေရပ်စဲနေတာပါ။
အခုလို တိုက်ပွဲတွေရပ်စဲနေတာ အချိန် ဆယ်လကျော် ကြာနေပြီဖြစ်ပေမယ့် တင်းမကျေးရွာသားတွေလိုပဲ အဲဒီစစ်ရေးပဋိပက္ခအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်ဟာ အခုအချိန်ထိ နေရပ်ကို မပြန်နိုင်ကြသေးဘူးလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC က ပြောပါတယ်။