တရုတ်ငှက်ပျောကားတွေကြောင့် တာလောကြီး- ရွှေညောင်ပင် လမ်းပျက်စီး
ကချင်ပြည်နယ်က မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်ကို ဆက်သွယ်ထားတဲ့ တာလောကြီး -ရွှေညောင်ပင် ကားလမ်းမှာ တရုတ်တစ်ရှူးငှက်ပျောကားကြီးတွေ နေ့စဉ်ဖြတ်သန်းနေ တာကြောင့် လမ်းပိတ်ဆို့မှုတွေဖြစ်ပြီး သွားလာရေးခက်ခဲနေပါတယ်။
-
2018-07-05 -
-
-
ကချင်ပြည်နယ်က မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်ကို ဆက်သွယ်ထားတဲ့ တာလောကြီး-ရွှေညောင်ပင် ကားလမ်းမှာ တရုတ်တစ်ရှူးငှက်ပျောကားကြီးတွေ နေ့စဉ်ဖြတ်သန်းနေတာကြောင့် လမ်းပိတ်ဆို့မှုတွေဖြစ်ပြီး သွားလာရေး ခက်ခဲနေပါတယ်။
မိုးရက်ဆက်ရွာသွန်းနေတဲ့ အခုလိုရာသီမှာ တစ်ရှူးငှက်ပျောကားကြီးတွေ သွားလာနေတာကြောင့် လမ်းပျက်စီး မှုတွေရှိပြီး လမ်းပိတ်ဆို့နေတာ တစ်ပတ်လောက်ရှိပြီဖြစ်ကြောင်း တာလောကြီးရွာက ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးတင်မြင့်က ဒီနေ့ ပြောပါတယ်။
"မိုးကလည်း ပြတ်တယ်လို့မရှိတဲ့အခါကျတော့ ကားတွေကလည်း မပြတ်ဘူးသွားနေကြတာပေါ့နော်။ မြေကြီးနည်းနည်းပျော့တဲ့နေရာဆို ဗွက်တန်းကြီးတွေလိုကို ဖြစ်သွားလိုက်တော့တာ။ လမ်းပျက်တာက၊ ဖြစ်စေတာကတော့ တစ်ရှူးငှက်ပျောတင်တဲ့ အဲဒီကားကြီးတွေပေါ့ဗျာ။ ဝန်ချိန်တွေက တအားကို များတာလေ။ နှစ်ဆယ့်နှစ်ဘီးကားကြီးတွေပေါ့။ တရုတ်တစ်ရှူးငှက်ပျောတင်တဲ့ကားတွေ သူတို့ မြေသြဇာတွေတင်တယ်။ နောက်ပြီး ဒီကနေ့ထွက်တဲ့အခါ သစ်တွေပါလား၊ ဘာလားတော့ မသိဘူးပေါ့။ ဒီ လမ်းတွေလည်း ပျက်တယ်။ နောက်ပြီးတော့ တံတားလည်းခံနိုင်ရည်ရှိမယ် မထင်ဘူးဗျ။ မကြာခင် တံတားလည်းပြိုမှာပဲ။ အဲဒီလိုပဲ စိုးရိမ်တယ်ပေါ့နော်"
တာလောကြီးရွာနဲ့ ရွှေညောင်ပင်ကို ဆက်သွယ်ထားပြီး ၁၆ မိုင်ရှည်လျားတဲ့ အဲဒီလမ်းကို ဒီကနေ့ တချို့နေရာတွေ မှာ ပြုပြင်နေတာရှိပေမယ့် လမ်းပိုင်းအားလုံး မပြင်ဆင်နိုင်သေးတာကြောင့် သွားလာရေးတွေ ခက်ခဲနေတာဖြစ် တယ်လို့ တာလောကြီးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းထူးက ပြောပါတယ်။
အဲဒီလမ်းပေါ်မှာဖြတ်သန်းနေတဲ့ ကုန်တင်ကားကြီးတွေဟာ တရုတ်နိုင်ငံဘက်ကနေ ဓါတ်မြေသြဇာတွေ တင်ဆောင်လာပြီး မြန်မာနိုင်က တစ်သျှူးငှက်ပျောတွေကို သယ်ယူနေကြတယ်လို့ ပြောကြပေမယ့် အလုံပိတ် ထားတာကြောင့် တစ်ရှူးငှက်ပျောအပြင် ဘယ်လိုပစ္စည်းတွေကို တင်သွင်း၊ သယ်ယူနေကြတယ်ဆိုတာ မသိနိုင်ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
အခုနှစ်ပိုင်းအတွင်း တရုတ်တစ်ရှူးငှက်ပျောတွေ တိုးချဲ့စိုက်ပျိုးလာတာကြောင့် လမ်းပျက်စီးတာတွေအပြင်၊ မြေယာအရှုပ်အရှင်းနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေနဲ့ မူးယစ်ဆေးဝါးအန္တရာယ် စတဲ့ပြဿနာတွေလည်း များပြားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြစ်ကြီးနား၊ ဝိုင်းမော်နဲ့ ဗန်မော် စတဲ့မြို့နယ်တွေဘက်မှာ တရုတ်တစ်ရှူးငှက်ပျောတွေကို ဒီနှစ်ပိုင်းအတွင်း တိုးချဲ့ စိုက်ပျိုးလာကြပြီး ကချင်ပြည်နယ်တစ်ခုလုံးမှာ တစ်ရှူးငှက်ပျော စိုက်ဧက သောင်းဂဏန်းရှိတယ်လို့ အစိုးရက ပြောပေမယ့် ဒေသခံတွေက ဧကသိန်းဂဏန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။