တစ်ရှူးငှက်ပျောကိစ္စ ပြည်နယ်လွှတ်တော်မှာ တင်သွင်း
ကချင်ပြည်နယ်က တစ်ရှူးငှက်ပျောစိုက်ခင်းတွေနဲ့ ပတ်သက်ပြီး နိုင်ငံနဲ့ ဒေသခံပြည်သူလူထု နစ်နာမှုမရှိစေရေး ပြည်နယ်အစိုးရက စနစ်တကျကြပ်မတ်ဆောင်ရွေက်းပေးဖို့ တိုက်တွန်းကြောင်းကို ဝိုင်းမော်မြို့နယ် ကိုယ်စားလှယ် ဦးနော်လီက ကချင်ပြည်နယ်လွှတ်တော်မှာ ဒီကနေ့ အဆိုတင်သွင်းပါတယ်။
တရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေက နိုင်ငံသားအမည်ခံပြီး တစ်ရှူးငှက်ပျောတွေကို စိုက်ပျိုးလုပ်ကိုင်နေကြ တာဖြစ်တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနော်လီက အဆိုတင်သွင်းချိန်မှာ ထည့်သွင်းပြောလိုက်ပါတယ်။
"လေးစားအပ်တဲ့ ဥက္ကကြီးခင်ဗျာ၊ ကချင်ပြည်နယ်ရှိ တစ်ရှူးငှက်ပျောစိုက်ခင်းများဟာ လွန်ခဲ့တဲ့ ငါး၊ ခြောက်နှစ်ကစပြီးတော့ မြန်မာနိုင်ငံသားကုမ္ပဏီအမည်ခံပြီး တရုတ်လုပ်ငန်းရှင်သူဋ္ဌေးများမှ အရင်းအနှီးနဲ့ အတတ်ပညာများစိုက်ထုတ်ကာ လာရောက်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။"
အစိုးရရဲ့ တရားဝင်ခွင့်ပြုချက်မရှိသေးဘဲ တစ်ရှူးငှက်ပျော စိုက်ပျိုးလုပ်ကိုင်သူတွေရှိသလို တရားဝင်ခွင့်ပြု ဧရိယာထက်ကို ပိုပြီး အဆမတန်စိုက်ပျိုးနေကြသူတွေလည်းရှိတယ်လို့ ဦးနော်လီက အဆိုတင်ပါတယ်။
တစ်ရှူးငှက်ပျောသီးတွေကို မိုးကာအလုံ ဖုံးအုပ်ထားတဲ့ တရုတ်ကုန်တင်ကားကြီးတွေနဲ့ အသုံးပြုသယ်ယူနေတာကို စနစ်တကျစစ်ဆေးခြင်း မရှိနိုင်တာကြောင့် မှောင်ခိုပစ္စည်းတွေသယ်ယူမှုရှိ မရှိ ဆိုတာကိုလည်း မသိရှိနိုင်ဘူးလို့ ဆိုပါတယ်။
တစ်ရှူးငှက်ပျောစိုက်ပျိုးရာမှာ အသုံးပြုတဲ့ မြေသြဇာတွေကြောင့် မြေဆီလွှာတွေဆုံးရှုံးမှာကို စိုးရိမ်ရသလို သဘာဝပတ်ဝန်းကျင်တော တောင်ရေမြေပျက်စီးဆုံးရှုံးမှုတွေနဲ့အတူ မြေယာပြဿနာတွေလည်း ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
အဆိုကို မန်စီမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းက ထောက်ခံတာကြောင့် မနက်ဖြန်မှာ ဆက်ဆွေးနွေး ပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူမှာဖြစ်ပါတယ်။