တစ်ရှူးငှက်ပျောစိုက်ခင်းတွေကြောင့် ထိခိုက်ပျက်စီးမှုတွေရှိနေ

ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ တစ်ရှူးငှက်ပျော စိုက်ပျိုးမှုတွေကြောင့် တိရိစ္ဆာန်တွေ ထိခိုက်သေဆုံးတာတွေ သဘာဝပတ်ဝန်းကျင်ပျက်စီးတာတွေ ရှိနေကြောင်း ဗန်းမော်နဲ့ ဝိုင်းမော်မြို့ဒေသခံတွေက ပြောပါတယ်။

တစ်သျှူးငှက်ပျောစိုက်ခင်းတွေကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေတွေကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ၂၀၁၉၊ မတ်လ ၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ် Photo: Elizabeth/ RFA

ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ တစ်ရှူးငှက်ပျော စိုက်ပျိုးမှုတွေကြောင့် တိရိစ္ဆာန်တွေ ထိခိုက်သေဆုံးတာတွေ သဘာဝပတ်ဝန်းကျင်ပျက်စီးတာတွေ ရှိနေကြောင်း ဗန်းမော်နဲ့ ဝိုင်းမော်မြို့ဒေသခံတွေက ပြောပါတယ်။

တစ်ရှူးငှက်ပျောစိုက်ခင်းတွေကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေတွေကို ဗန်းမော်နဲ့ ဝိုင်းမော်မြို့ ဒေသခံတွေက ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ပြောလိုက်တာဖြစ်ပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က မြေယာတွေမှာ တရုတ်နိုင်ငံက တစ်ရှူးငှက်ပျော လာရောက် စိုက်ပျိုးနေတာဖြစ်ပြီး ကချင်ပြည်နယ် ဗန်းမော်ခရိုင်နဲ့ မြစ်ကြီးနားခရိုင်အတွင်းမှာတင် စိုက်ပျိုးဧက ၁ သိန်းကျော် ရှိနေတယ်လို့ သိရပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ဗန်းမော်မြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်က ဒေသခံ ၄၀ ခန့် တက်ရောက်ခဲ့ပါတယ်။

တစ်ရှူးငှက်ပျော စိုက်ပျိုးရာမှာ အသုံးပြုတဲ့ ဓာတုဆေးတွေကြောင့် အိမ်မွေးတိရိစ္ဆာန်တွေ သေဆုံးတာတွေရှိတဲ့အပြင် ဒေသခံတွေ တောင်သူတွေအနေနဲ့ မူးလဲတာ၊ နှာခေါင်းသွေးယိုတာရှိနေတယ်လို့ ခေါက်ဆင့်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်က ပြောပါတယ်။

"တစ်ရှူးငှက်ပျော စိုက်လိုက်ပြီဆိုတာနဲ့ ကျွဲတွေ နွားတွေ ဆေးအန္တရာယ် ကြောက်ရတာပေါ့နော်။ လူ လည်း ဆေးဖြန်းတဲ့အချိန်၊ ဆေးမှုတ်တဲ့အချိန် ဖြတ်မိရင် နှာခေါင်းသွေးယိုတယ်၊ နှာရည်ယိုတယ်၊ မူးလဲပြီး ဆေးရုံတက်မိတာလည်း ရှိတယ်၊ မမှီတာလည်း ရှိတယ်။ အသေအပျောက်လည်း ရှိပါတယ်"

ဒါ့အပြင် ဒေသခံတွေ မြေလွတ်မြေရိုင်း ဆုံးရှုံးမှုတွေသာမက ထင်း၊ ဝါး၊ ခြံကာတိုင် အစရှိတာတွေ ဆုံးရှုံးနေတယ်လို့ တာဆိုင်ကျေးရွာက ဦးသန်းအောင် က ပြောပါတယ်။

"တကယ်လို့ သူတို့က ဘူဒိုဇာနဲ့ အကုန်ထိုးရှင်းလိုက်ရင် ဒုက္ခဘယ်လိုဖြစ်လာနိုင်လဲဆိုတော့ လောလောဆယ် မီး၊ ထင်း ပေါ့နော်။ ကျွန်တော်တို့ ချက်ပြုတ်တာ သုံးဖို့ ထင်း၊ ခြံကာတိုင်၊ ဝါး၊ ဆက်သွားရင် ခုတ်မယ့်နေရာတောင် မရှိဘူး"

တစ်ရှူးငှက်ပျော စိုက်ပျိုးရာမှာ အသုံးပြုတဲ့ ဓာတုဆေးပေါင်းစုံဖြစ်တဲ့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ရွက်ဖျန်းဆေး၊ မြက်သတ်ဆေး၊ ဓာတုဆေးဗူးတွေကို ချောင်းမှာ ဆေးကျောတာ၊ ငှက်ပျောဆေးစိမ်ရည်တွေကို စနစ်တကျ စွန့်ပစ်မှုမရှိတာတွေကြောင့် အလုပ်သမားတွေ မှုးဝေတာတွေ၊ ရေမသန့်ရှင်းတာတွေ၊ ရေအနံ့ဆိုးထွက်လာတွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေ သောက်ရေအဆိပ်သင့်တာတွေ ဖြစ်ပေါ်နေတယ်လို့လည်း ဒေသခံတွေပြောပါတယ်။

ဒါအပြင် တစ်သျူးငှက်ပျော စိုက်ပျိုးမှုကြောင့် ဒေသခံတောင်သူတွေနဲ့ အလုပ်သမားတွေ နစ်နာဆုံးရှုံးမှုတွေကို သက်ဆိုင်တဲ့ ဌာနဆိုင်ရာတွေကို တိုင်ကြားပေမယ့် ကုမ္ပဏီဘက်ကိုသာ ဘက်လိုက်သွားတယ်လို့ ဗန်းမော်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ် က ဒေါ်အေးအေးအောင်က ပြောပါတယ်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ တစ်ရှူးငှက်ပျော စိုက်ပျိုးတာနဲ့ပတ်သက်ပြီး စီစစ်ပြီး ရင်းနှီးမြှုပ်နှံမှုကော်မတီကို တရားဝင်လျှောက်ခိုင်းရန် ညွှန်ကြားတာတွေရှိခဲ့တယ်လို့ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး(ငြိမ်း) ဦးမြသိန်း က ပြောပါတယ်။

ကချင်ပြည်နယ်မှာ တစ်ရှူးငှက်ပျော စိုက်ပျိုးမှုအတွက် တရားဝင်ခွင့်ပြုထားတာမရှိဘဲ ယခု စိုက်ပျိုးနေတာတွေဟာ နှစ်ရှည်သီးနှံ၊ မြေလွတ်မြေရိုင်းအနေနဲ့ ချထားတာတွေကို နှစ်ရှည်သီးနှံမစိုက်ဘဲ သစ်ရှူးငှက်ပျော စိုက်ပျိုးတဲ့ အနေအထားတွေဖြစ်လာတယ်လို့ ဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ RFA ကို ပြောထားပါတယ်။

ကချင်ပြည်နယ်အစိုးရအနေနဲ့ တရားဝင်ခွင့်ပြုချက် စိုက်ပျိုးထားတာ ဟုတ်မဟုတ်ကို စီမံချက်နဲ့ စစ်ဆေးသွားမှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကနေတစ်ဆင့် ဌာနဆိုင်ရာတွေနဲ့ ပေါင်းစပ်ပြီး သတ်မှတ်ထားတဲ့ အခွန်အခတွေ အပြည့်အဝ ရရှိနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြောပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်နဲ့ ဗန်မော်ခရိုင်မှာ တစ်ရှူးငှက်ပျော စိုက်ပျိုးမှု ဧက တစ်သိန်းကျော်ရှိနေတယ်လို့ မြေယာလုံခြုံမှုနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကွန်ယက်အဖွဲ့ သုတေသန အစီရင်ခံစာမှာ ဖော်ပြထားပါတယ်ရှင်။

ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org