တာမိုးညဲမှာ TNLA နဲ့ အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားနေ
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲမှာ မနေ့ညက တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ TNLA တပ်ဖွဲ့ဝင်တွေ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
-
2018-12-08 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲမှာ မနေ့ညက တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ TNLA တပ်ဖွဲ့ဝင်တွေ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အစိုးရတပ်နဲ့ TNLA တပ်ဖွဲ့တွေဟာ ပန်ဆေး ပြည်သူ့စစ်စခန်းကုန်းအနီးပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ကွတ်ခိုင်မြို့နယ် အမှတ် ၅ ရပ်ကွက်က အိမ်တစ်လုံးပေါ် လက်နက်ကြီး တစ်လုံးကျခဲ့ပေမယ့် မပေါက်ကွဲခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ဘူးလို့ သိရပါတယ်။
ဒါပေမဲ့ တာမိုးညဲ (၂) ရပ်ကွက်မှာတော့ မနေ့ညက လူ ၄ ဦး သေနတ်ထိမှန်ခဲ့ပြီး တစ်ယောက်ကတော့ စိုးရိမ်ရပေမယ့် ကျန်တဲ့ ၃ ဦးကတော့ စိုးရိမ်စရာမရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်ကတော့ တာမိုးညဲမြို့နယ်က ရပ်ကွက်တွေမှာ ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိတာကိုမကြားရသလို TNLA တပ်ဖွဲ့က လက်နက်နဲ့ ဝင်ရောက် ပစ်ခတ်တာတွေ မရှိဘူးလို့လည်း ပြောပါတယ်။
မနေ့ညပိုင်းကတော့ ကွတ်ခိုင်မြို့နယ် တာမိုးညဲ အနီးတစ်ဝိုက်မှာ TNLA တပ်ဖွဲ့ဝင်တွေက နယ်မြေခံတပ်နဲ့ တောအတွင်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။
လက်ရှိအချိန်ထိ ဒီသတင်းကို RFA က သီးခြား အတည်ပြုလို့မရသေးပါဘူး။
ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲ မကောက်တောင်နဲ့ လွယ်ကန် ကျေးရွာ တဝိုက်မှာ TNLA နဲ့ အစိုးရစစ်တပ်တို့ ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။