အပစ်ရပ်ကြေညာထားကြချိန် ရှမ်းမြောက်မှာ တိုက်ပွဲတွေဖြစ်
တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဖက်က အပစ်ရပ်သဘောထားတွေ ထုတ်ပြန်ထားပေမယ့် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နဲ့ နမ့်ခမ်းမြို့နယ်တွေမှာ တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တပ်တွေ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပါတယ်။
-
ကံသာ
2020-06-05 -
-
-
တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဖက်က အပစ်ရပ်သဘောထားတွေ ထုတ်ပြန်ထားပေမယ့် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နဲ့ နမ့်ခမ်းမြို့နယ်တွေမှာ တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တပ်တွေ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပါတယ်။
မူဆယ်မြို့နယ် နမ့်ဟွယ်ရွာမှာဆိုရင် TNLA နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာသားတချို့ ဖမ်းဆီးစစ်ဆေးခံနေရပါတယ်။
ကွတ်ခိုင်မြို့နယ် ရွှေမော်နဲ့ မုံးစီးဒေသဘက်တွေမှာ ဇွန်လ ၄ ရက်နေ့ မနေ့က ပစ်ခတ်သံတွေကြားရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မိုင်းယုလေးကျေးရွာနဲ့ လေးမိုင်အကွာ သုံပန်းရွာ လယ်ကွက်နားမှာ ဇွန်လ ၄ ရက်နေ့ မနေ့က ညနေပိုင်းလောက်မှာ တပ်မတော်စစ်ကြောင်း ဖြတ်သန်းချိန် မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။
အလုပ်သိမ်းပြန်လာတဲ့ ရွာသားတွေကို စစ်မေးဖို့ဆိုပြီး တပ်မတော်စစ်ကြောင်းက လုံကန်ရွာဘက်ကို ခေါ်သွားပြီး ညဆယ်နာရီကျော်မှ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ မိုင်းပေါက်ကွဲမှုကြောင့် လူထိခိုက်မှုရှိ နိုင်တယ်လို့ ဒေသခံက ပြောပါတယ်။
ဇွန်လ ၄ ရက်နေ့ ည ၆ နာရီလောက်မှာ ကွတ်ခိုင် မိုင်းယုလေးနဲ့ လုံကန်ကြားမှာ ခလရ ၂၄၁၊၂၄၂ တပ်တွေနဲ့ ဆယ်မိနစ်လောက် တိုက်ပွဲဖြစ်ခဲ့တယ်လို့ TNLA ဘက်က ပြောပါတယ်။
အဲဒီနေ့မနက်မှာပဲ ကွတ်ခိုင် ရွှေမော်ဘက်မှာ တပ်မတော် တပ်မ ၈၈ လက်အောက်ခံ ခလရ ၇၈ တပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့သလို နမ့်ခမ်းမြို့နယ်အတွင်း အောင်ပန်းနဲ့ မန်စန့်ရွာ နှစ်နေရာမှာလည်း တိုက်ပွဲဖြစ်ခဲ့တယ်လို့ TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။
ကွတ်ခိုင်မြို့နယ် မုံးစီးနယ်ထဲမှာလဲ တပ်မတော်နဲ့ ကိုးကန့်အဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ TNLA ကတော့ အဲဒီသတင်းတွေနဲ့ ပတ်သက်ပြီး မသိရသေးကြောင်း ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် တပ်မတော်က ရခိုင်ဒေသမှအပ ကျန်တဲ့နေရာတွေမှာ မေလ ၁၀ ရက်ကနေ သြဂုတ်လကုန်အထိ အပစ်ရပ်ထားမယ်လို့ ထုတ်ပြန်ထားပြီး မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကလည်း ဇွန်လကနေ သြဂုတ်လကုန်အထိ အပစ်ရပ်ထားမယ်လို့ ထုတ်ပြန်ထားတာပါ။ ဒီလိုထုတ်ပြန်ထားပေမယ့် မေလကုန်ကနေစပြီး ဇွန်လ ၄ ရက်နေ့အထိ နေ့စဉ် တိုက်ပွဲတွေရှိတယ်လို့ TNLA ဖက်ကပြောပါတယ်။
တပ်မတော်က မေလ ၂၆ ရက်နေ့ မှာ မူဆယ်မြို့နယ်အတွင်း စွမ်စော် ၁ လမ်းပေါက်ကွဲမှုနဲ့ စစ်ဆေးရာမှာ မြို့ပေါ်မှာ လက်နက်နဲ့ ကြိုးဆွဲဗုံးတွေမိခဲ့ပြီး ၁၀၅ မိုင်ကျေးရွာအုပ်စု အောက်နမ့်ဟွယ် ရွာကနေအိမ်တွေကို ဝင်ရောက်ရှာဖွေရာမှာ TNLA ဝတ်စုံနဲ့ လက်နက်အချို့ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
၁၀၅ မိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးနဲ့ အမျိုးသား ကိုးဦးကို ဖမ်းဆီးသွားခဲ့ပြီး အဲဒီထဲက ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးကိုတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။ လက်ရှိမှာ ဖမ်းဆီးထားသူတွေကို မူဆယ်မှာ စစ်မေးနေတယ်လို့ ဆိုပါတယ်။
အဲဒီနောက်ပိုင်းမှာ ကွတ်ခိုင်နဲ့ နမ့်ခမ်းဒေသမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတယ်တဲ့ အခြေအနေကို တွေ့ရပါတယ်။ မေလ ၂၉ ရက်နေ့က ကွတ်ခိုင် နမ့်ကွတ်ရွာနားမှာ တပ်မတော် ယာဉ်တန်းကို TNLA ဖက်က ပစ်ခတ်ခဲ့ပါတယ်။ ဒီလိုပစ်ခတ်မှုကြောင့် ဗိုလ်ကြီးအဆင့်တစ်ဦးနဲ့ တခြားအဆင့် နှစ်ဦး စုစုပေါင်းသုံးဦး ကျဆုံးပြီး ခြောက်ဦး ဒဏ်ရာရတယ်လို့ မြေပြင်မှာ သတင်းတွေ ထွက်နေပေမယ့် တပ်မတော်က ဒီကိစ္စနဲ့ ပတ်သက်ပြီး ထုတ်ပြန်တာတော့ မရှိပါဘူး။
တပ်မတော်ယာဉ်တန်း တိုက်ခိုက်ခံရမှုအပေါ်မှာ လက်တုံ့ပြန်မယ်လို့ တပ်မတော်ဖက်က သတင်းထုတ်ပြန်ထား ပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ကွတ်ခိုင်ဘက်မှာ TNLA နဲ့ MNDAA ပူးပေါင်းအဖွဲ့တွေနဲ့ရောရာ သုံးခုမှာ တိုက်ပွဲဖြစ်တာရှိတယ်လို့ ပြောပါတယ်။ အုပ်ချုပ်ရေးမှူးတွေ ဖမ်းဆီးစစ်ဆေးခံရတဲ့အ ခြေအနေကိုတော့ အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၉ ခုနှစ် တစ်နှစ်အတွင်း တပ်မတော်နဲ့ TNLA တိုက်ပွဲပေါင်း ၁၅၂ ကြိမ်ရှိခဲ့ပြီး ကိုးကန့်၊ အေအနဲ့ TNLA သုံးဖွဲ့ပေါင်းနဲ့ဖြစ်တဲ့ တိုက်ပွဲက ၅၆ ကြိမ်ရှိခဲ့ပြီး KIA၊ TNLA ပူးပေါင်းအဖွဲ့နဲ့ဖြစ်တဲ့ တိုက်ပွဲက ၁၁ ကြိမ်ရှိခဲ့တယ်လို့ တပ်မတော်ဖက်က သတင်းထုတ်ပြန်ထားပါတယ်။