TNLA ထိန်းချုပ်တဲ့ သီပေါမြို့ လေကြောင်းတိုက်ခိုက်ခံရမှု နှစ်ဦး သေဆုံး

TNLA သိမ်းပိုက်ထားတဲ့ သီပေါမြို့မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သီပေါမြို့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးသွားသည့် အဆောက်အအုံများကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့တွင် TNLA က ထုတ်ပြန်ထားစဉ်။ Telegram/PSLF/TNLA News

တအာင်းတပ်မတော် (TNLA) သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

သြဂုတ်လ ၂၇ ရက် ဒီကနေ့ မနက် တစ်နာရီခွဲခန့်က သီပေါမြို့ အုတ်ကျင်း ရပ်ကွက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်၊ သေဆုံးသွားတာလို့ တအာင်းတပ်မတော် (TNLA) ပြောခွင့်ရ လွေးယေဦးက RFA ကို ပြောပါတယ်။

“စာသင်ကျောင်းနဲ့ နေအိမ်လည်း ထိခိုက်ပျက်စီးသွားတယ်။ စစ်ကောင်စီက စစ်ရေးအရ ရှုံးနိမ့်နေချိန်မှာ အပြစ်မဲ့ အရပ်သားတွေအပေါ် ဦးတည်ပြီး တိုက်ခိုက်မှုတွေ လုပ်နေတာကို တွေ့ရတယ်။ အထူးသဖြင့် အရပ်သားတွေ အများဆုံးတည်ရှိရာ နေအိမ်ရပ်ကွက်တွေ၊ အထူးသဖြင့် ကလေးသူငယ် စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေကို တိုက်ခိုက်နေတာကို တွေ့ရတယ်”

သေဆုံးသူတွေထဲ အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ နောက်တစ်ဦးရဲ့ အချက်အလက် အသေးစိတ်ကိုတော့ မသိရ သေးဘူးလို့ သူက ပြောပါတယ်။

သြဂုတ်လ ၁၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးသွားပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သီပေါမြို့နယ်မှာ ဇူလိုင်လ ၁၉ ရက်ကနေ ဩဂုတ် ၁၉ ရက်အထိ အရပ်သား ၁၉ ဦး သေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဩဂုတ် ၂၆ ရက် မနေ့က ထုတ်ပြန်ပါတယ်။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org