တရုတ်အနေနဲ့ တပ်မတော်ကို တိုက်တွန်းပေးဖို့ TNLA တောင်းဆို
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နိုင်ရေး တရုတ် အစိုးရအနေနဲ့ မြန်မာ့တပ်မတော်ကို တိုက်တွန်းပေးဖို့ တအာင်းလွတ်မြောက်ရေးတပ်မတော်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံရာမှာ တောင်းဆိုလိုက်တယ်လို့ ပြောပါတယ်။
-
2016-12-02 -
-
-
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နိုင်ရေး တရုတ်အစိုးရအနေနဲ့ မြန်မာ့ တပ်မတော်ကို တိုက်တွန်းပေးဖို့ တအာင်းလွတ်မြောက်ရေးတပ်မတော်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ တောင်းဆိုလိုက်တယ်လို့ ပြောပါတယ်။
မနေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေ တဖွဲ့ချင်းစီ သီးခြားတွေ့ဆုံရာမှာ အခုလိုတောင်းဆိုခဲ့တာဖြစ်တယ်လို့ တအာင်းလွတ်မြောက်ရေးတပ်မတော်က ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တာဖုန်းကျော် က ပြောပါတယ်။
"ကျနော်တို့က အခုတိုက်ပွဲဖြစ်နေတဲ့ မြောက်ပိုင်းအဖွဲ့ ၄ ဖွဲ့စလုံး တစ်ခါတည်းတွေ့မယ်၊ အဲလို ကျနော်တို့က ညှိနှိုင်းပါတယ် ဒါပေမဲ့ ဒေါက်တာတင်မျိုးဝင်းတို့က တစ်ဖွဲ့ချင်းပဲတွေ့နိုင်မယ်၊ တစ်ဖွဲ့ချင်းတွေ့တာတောင်မှ TNLA ပြီးတော့ ကိုးကန့်၊ AA ဒီ ၃ ဖွဲ့ကိုတော့တွေ့နိုင်တယ်၊ ညှိလို့မရတဲ့အတွက်ကြောင့် ပြန်သွားပါပြီ"
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့ စတင်ပြီး တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ ဒေါက်တာတင်မျိုးဝင်း ဦးဆောင် တဲ့ ပြည်ထောင်စု ငြိမ်းချမ်းကော်မရှင်အဖွဲ့တွေနဲ့ တွေ့ဆုံဖို့အတွက် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ KIA၊ MNDAA၊ TNLA၊ AA အဖွဲ့တွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကူမင်းမြို့ကို ဖိတ်ခေါ်ခဲ့ပါတယ်။
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေက ဒီဇင်ဘာလ ၁ ရက်နေ့ မနေ့က ကူမင်းမြို့ ကို ရောက်ရှိခဲ့ပြီး ငြိမ်းချမ်းရေးကော်မရှင်နဲ့တွေ့ဆုံဖို့ စီစဉ်ခဲ့ပေမယ့် ကော်မရှင်ဘက်က တဖွဲ့ချင်းစီ သီးခြားတွေ့ဆုံ လိုကြောင်းနဲ့ အစုအဖွဲ့လိုက် တွေ့ဆုံရမယ်ဆိုရင်လည်း MNDAA၊ AAနဲ့ TNLA တပ်ဖွဲ့ ၃ ဖွဲ့နဲ့သာ တွေ့ဆုံဖို့ ရှိကြောင်း ပြောကြားတာကြောင့် နှစ်ဖက်ညှိနှိုင်းမှု အဆင်မပြေဘဲ တွေ့ဆုံပွဲ ပျက်သွားခဲ့ပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ထဲ ကေအိုင်အို မပါဘဲ ကျန်တဲ့ ၃ ဖွဲ့အပြင် ဝ အဖွဲ့၊ မိုင်းလား အဖွဲ့တွေနဲ့လည်း တရုတ်နိုင်ငံဘက်မှာ တွေ့ဆုံဖို့ရှိတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး က ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေကို တိုက်ပွဲတွေရပ်စဲဖို့နဲ့ ငြိမ်းချမ်းရေးဖြစ် စဉ်မှာ ပါဝင်ဖို့ တိုက်တွန်းခဲ့တယ်လို့ ဗိုလ်မှူးကြီး တာဖုန်းကျော် က ပြောပါတယ်။