ကွက်ခိုင်မြို့နယ်မှာ TNLA၊ MNDAA ပူးပေါင်းအဖွဲ့နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်
ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ် ကောင်နင်ကျေးရွာအနီးမှာ တအာင်းပလောင်အဖွဲ့ TNLA နဲ့ ကိုးကန့်အဖွဲ့ MNDAA ပူးပေါင်းတပ်ဖွဲ့ နဲ့ တပ်မတော် တပ်မ ၁၁ တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
-
2018-11-03 -
-
-
ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ် ကောင်နင်ကျေးရွာအနီးမှာ တအာင်းပလောင်အဖွဲ့ TNLA နဲ့ ကိုးကန့်အဖွဲ့ MNDAA ပူးပေါင်းတပ်ဖွဲ့ နဲ့ တပ်မတော် တပ်မ ၁၁ တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ကောင်နင်ရွာ အထက်ဘက်တောင်ကုန်းပေါ်မှာ ပူးပေါင်းအဖွဲ့နဲ့ တပ်မတော်တို့ မနေ့ မနက် ၇ နာရီဝန်းကျင် လောက်ကစပြီး ၂ နာရီနီးပါးကြာ တိုက်ပွဲဖြစ်ခဲ့တာလို့ TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က RFA ကို ဒီနေ့ အတည်ပြုပြောပါတယ်။
တပ်မတော်ဘက်က ပူးပေါင်းအဖွဲ့တွေရှိတဲ့ဘက်ကို ထိုးစစ်တက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားတာ ဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့ ညနေပိုင်းလောက်ကလည်း နာရီဝက်လောက် တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် မနေ့ မနက်ပိုင်းက တိုက်ပွဲဟာ ဒုတိယမြောက်ဖြစ်တာလို့လည်း သူက ပြောပါတယ်။
တိုက်ပွဲကြောင့် TNLA၊ MNDAA ပူးပေါင်းအဖွဲ့ဘက်က ကျဆုံးမှုမရှိပေမယ့် အစိုးရတပ်ဘက်က (၃) ယောက် ကျဆုံးခဲ့တယ်လို့ သိရကြောင်းလည်း ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောပါတယ်။
AA၊ TNLA နဲ့ MNDAA ခေါင်းဆောင်တွေဟာ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ က တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မြေပြင်မှာ တိုက်ပွဲတွေ လက်တွေ့ လျော့ချနိုင်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဲဒီ ၃ ဖွဲ့ ပါဝင်လာရေး သဘာတူညီချက်တချို့ကို ရခဲ့တယ်လို့ TNLA အထွေထွေ အတွင်းရေးမှုး ဗိုလ်မှူးချုပ် တာဘုန်းကျော်က RFA ကို ပြောခဲ့ပါတယ်။