မိုးကုတ်တိုက်ပွဲမှာ စစ်သုံ့ပန်း ၁၅ ဦးနဲ့ လက်နက်လေးဆယ်ကျော် ရရှိကြောင်း TNLA ထုတ်ပြန်

မိုးကုတ်မြို့ အနောက်ခြမ်းက ရွှေမြဝင်း၊ ဒေါ်နန်းကြည်တောင်၊ ပန်းသပြေတောင်နဲ့ ရွှေသာယာစတဲ့ စစ်ကောင်စီတပ်စခန်းတွေကို TNLA နဲ့ PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပါတယ်။

မန္တလေးတိုင်း မိုးကုတ်မြို့နယ် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများနဲ့ လက်နက်ခဲယမ်းများအား ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် TNLA က ထုတ်ပြန်ထားသည့်ပုံ။ Photo: PSLF/TNLA - သတင်းနှင့်ပြန်ကြားရေးဌာန

မန္တလေးတိုင်း မိုးကုတ်မြို့နယ်က တိုက်ပွဲတွေအတွင်း စစ်သုံ့ပန်း ၁၅ ဦးဖမ်းမိခဲ့ပြီး လက်နက်မျိုးစုံ လေးဆယ်ကျော် သိမ်းဆည်းရမိတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က ဇူလိုင်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သိမ်းဆည်းရမိတဲ့ လက်နက်တွေထဲမှာတော့ ခြေမှုန်းရေးရိုင်ဖယ်တွေနဲ့ လက်နက်ကြီးတွေ ပါဝင်ပါတယ်။

လက်ရှိမှာ မိုးကုတ်မြို့ အနောက်ခြမ်းက ရွှေမြဝင်း၊ ဒေါ်နန်းကြည်တောင်၊ ပန်းသပြေတောင်နဲ့ ရွှေသာယာစတဲ့ စစ်ကောင်စီတပ်စခန်းတွေကို TNLA နဲ့ PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပါတယ်။

မိုးကုတ်မြို့ အနောက်ခြမ်းမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လည်း နေအိမ်အများအပြား ထိခိုက်ပျက်စီးတယ်လို့ မိုးကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။

"အနောက်ဘက်ခြမ်းကို သိမ်းလိုက်နိုင်ပြီဆိုတာ မနေ့ညကပိုင်းမှ သိရတာ။ အနောက်ခြမ်းကလည်း အိမ်ဆိုအကောင်းတစ်လုံးမှ မကျန်ခဲ့တော့ဘူး။ အကုန်လေကြောင်းကနေ အပစ်ခံထားရလို့ ပျက်စီးကုန်ပြီ"

စစ်ကောင်စီကတော့ မိုးကုတ်မြို့အရှေ့ခြမ်းက ဒေသခံတွေကို ဝင်ထွက်သွားလာခွင့်တွေ ပိတ်ထားတာကြောင့် မြို့ထဲမှာ ဒေသခံတွေ ပိတ်မိနေတယ်လို့ သူက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ဇွန်လ ၂၅ ရက်နေ့ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့တို့ အပြင် မန္တလေးတိုင်းက မိုးကုတ်မြို့နဲ့ မတ္တရာမြို့နယ်တွေမှာ TNLA နဲ့ PDF ပူးပေါင်းတပ်တွေက ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲ အဖြစ် မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org