နမ့်ခမ်းမှာ တပ်သားမစုဖို့၊ အခွန်မကောက်ဖို့ SSPP ကို TNLA မေတ္တာရပ်ခံ
2024.01.23

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) က သိမ်းထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့မှာ တပ်သားသစ်စုတာနဲ့ အခွန်ကောက်တာတွေ မလုပ်ဖို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ကို မေတ္တာရပ်ခံထားတယ်လို့ TNLA က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့ ရက်စွဲနဲ့ နမ့်ခမ်းမြို့က ပြည်သူတွေအတွက် မေတ္တာရပ်ခံခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ SSPP ကို TNLA က စာပေးပို့ခဲ့တာပါ။
လက်ရှိအချိန်ဟာ ပြည်သူတွေ စားဝတ်နေရေးအကျပ်အတည်း ကြုံနေရတဲ့အချိန်ဖြစ်တာကြောင့် SSPP အနေနဲ့ တပ်သားသစ် စုဆောင်းရေးကိစ္စအပါအဝင် စစ်ရေး၊ အုပ်ချုပ်ရေးနဲ့ ငွေကြေးကောက်ခံတဲ့ ကိစ္စတွေ မလုပ်ဖို့ အထူးမေတ္တာရပ်ခံတယ်လို့ TNLA က ဆိုပါတယ်။
ပြည်သူတွေရဲ့ သဘောဆန္ဒကို ဆန့်ကျင်ပြီး ဆက်လုပ်မယ်ဆိုရင် မဟာမိတ်အချင်းချင်းကြား မလိုလားအပ်တဲ့ပြဿနာတွေ ပေါ်ပေါက်လာနိုင်တာကြောင့် အခုလိုမေတ္တာရပ်ခံတာလို့လည်း ဖော်ပြထားပါတယ်။
နမ့်ခမ်းမြို့အပါအဝင် မြန်မာနိုင်ငံဟာ ၁၉၅၈ ခုနှစ်ကစပြီး ဗမာစစ်အာဏာရှင်တွေရဲ့ ဖိနှိပ်တာတွေ၊ မတရားသဖြင့် အနိုင်ကျင့် အုပ်ချုပ်တာတွေကို နှစ်ပေါင်းများစွာခံခဲ့ရပြီး "၁၀၂၇ စစ်ဆင်ရေး" မှာ နမ့်ခမ်းမြို့ဟာ စစ်အာဏာရှင်အောက်ကနေ လွတ်မြောက်ခဲ့ကာ ဒေသခံပြည်သူတွေလက်ထဲ ပြန်ရောက်ခဲ့ရပြီလို့ ဆိုပါတယ်။
လက်ရှိမှာ နမ့်ခမ်းမြို့နယ်ကို TNLA အနေနဲ့ လူထုတွေရဲ့ သဘောဆန္ဒအတိုင်း တည်ငြိမ်အေးချမ်းလာအောင် စတင်ဆောင်ရွက်နေပြီလို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ အစောပိုင်းက နမ့်ခမ်းမြို့နယ်မှာ SSPP က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်ပြီး တပ်သားသစ် စုဆောင်းပေးဖို့နဲ့ မစုဆောင်းပေးရင် ထိရောက်စွာ အရေးယူသွားမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
TNLA မေတ္တာရပ်ခံတဲ့အကြောင်းနဲ့ တပ်သားစုတယ်လို့ ပြောဆိုချက်နဲ့ပတ်သက်ပြီး SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို ဖုန်းနဲ့ဆက်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။
နမ့်ခမ်းမြို့ကို နိုဝင်ဘာ ၁၇ ရက်နေ့ကနေ စတင်တိုက်ခိုက်ခဲ့ပြီး တစ်လကျော်အကြာ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ခဲ့ပါတယ်။
ဒီမြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေး သုံးဦး အပါအဝင် ၁၃ ဦးသေဆုံးခဲ့ပြီး ၄၃ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း TNLA က ဆိုပါတယ်။