မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကို တောင်းဆို

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အမြန်ဆုံးအရေးယူပေးဖို့ နဲ့ မြန်မာပြည်သူတွေကို ထိရောက်စွာ အကာအကွယ်ပေးဖို့လည်း MNDAA နဲ့ TNLA က တောင်းဆိုထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့က ရဲတပ်ဖွဲ့ဝင်တွေတချို့ကို တွေ့ရစဥ်။ RFA

ရခိုင်ပြည်နယ် စစ်တွေမြို့ ဗျိုင်းဖြူရွာမှာ ဒေသခံတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီလုပ်ရပ်ကို အပြင်းအထန်ကန့်ကွက်ရှုံ့ချကြောင်းနဲ့ မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖို့ ကိုးကန့်တပ်မတော် (MNDAA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့က ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဇွန်လ ၆ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၇၀ ပါတဲ့စစ်ကြောင်းဟာ ဗျိုင်းဖြူရွာကို ဝင်ရောက်ပြီး ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်ကာ ဒေသခံ ၇၆ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလုပ်ရပ်ဟာ စစ်ရာဇဝတ်မှု မြောက်ပြီး အရပ်သားပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ အလားတူလုပ်ရပ်တွေ ထပ်မံမကျူးလွန်ဖို့လည်း စစ်ကောင်စီကို သတိပေးလိုက်ပါတယ်။

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အမြန်ဆုံးအရေးယူပေးဖို့ နဲ့ မြန်မာပြည်သူတွေကို ထိရောက်စွာ အကာအကွယ်ပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း MNDAA နဲ့ TNLA က တောင်းဆိုထားပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဗျိုင်းဖြူရွာထဲ လုံခြုံရေးဆောင်ရွက်နေစဉ်မှာ ဗျိုင်းဖြူရွာခံတွေမဟုတ်ဘဲ မသင်္ကာသူ လူသုံးဦးက စစ်ကောင်စီတပ်သားတစ်ဦးဆီက သေနတ်လုယူခဲ့တာကြောင့် ပြန်ပစ်ခတ်စဉ်မှာ သေဆုံးခဲ့တာလို့ ဆိုထားပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လူနှစ်ဆယ်ကျော်ကို ဖမ်းဆီးစစ်ဆေးနေပြီး လူ ၇၆ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တယ်ဆိုတဲ့ ပြောဆိုချက်တွေကိုတော့ စစ်ကောင်စီက ငြင်းဆိုထားပါတယ်။

ဗျိုင်းဖြူရွာခံတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org