စစ်တပ်ကို ICC တရားရုံးက အရေးယူဖို့ NUG ကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

၂ဝဝ၂ ခုနှစ်ကစပြီး မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ အစုလိုက် အပြုံလိုက် ရက်ရက်စက်စက် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုနိုင်ရေး ICC နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးကို တင်ဖို့ကိစ္စမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ လုပ်ဆောင်နိုင်တယ်လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က ပြောလိုက်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ၂၀၂၁၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ရစဉ်

၂ဝဝ၂ ခုနှစ်ကစပြီး မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ အစုလိုက် အပြုံလိုက် ရက်ရက်စက်စက် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုနိုင်ရေး ICC နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးကို တင်ဖို့ကိစ္စမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ လုပ်ဆောင်နိုင်တယ်လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က ပြောလိုက်ပါတယ်။

ဒီကနေ့ သြဂုတ်လ ၁၉ ရက်မှာ ထုတ်ပြန်တဲ့ Fortify Rights အဖွဲ့ရဲ့ ဥပဒေရေးရာ သုံးသပ်ချက်အရ ပြစ်မှုကျူးလွန်တဲ့ မြန်မာစစ်တပ်ကို တာဝန်ယူမှုနဲ့ တာဝန်ခံမှုရှိလာအောင် NUG အစိုးရအနေနဲ့ တရားစီရင် ပိုင်ခွင့်ကို ICC တရားရုံးကို အပ်နှင်းနိုင်ကြောင်း အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ပါတယ်။

NUG အစိုးရအနေနဲ့ နည်းလမ်း နှစ်ခုနဲ့ ဆောင်ရွက်နိုင်ပြီး ပထမ နည်းလမ်းက ICC မှာ ပုဒ်မ ၁၂ (၃) လို့ လူသိများတဲ့ ပုဒ်မအောက်မှာ ကြေညာချက် ထုတ်ပြန်တင်သွင်းနိုင်တယ်လို့ ဆိုပါတယ်။ ဒုတိယ နည်းလမ်း ကတော့ ICC တရားရုံးကို ဖွဲ့စည်းတည်ထောင်ပေးခဲ့တဲ့ ရောမ ဥပဒေစာချုပ်ကို NUG က တရားဝင် လက်ခံ သဘောတူညီတဲ့နည်းလမ်း ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ ဥပဒေအောက်မှာရှိတဲ့ ရောမစာချုပ် အဖွဲ့ဝင်နိုင်ငံအဖြစ် NUG အစိုးရက ဝင်ရောက်နိုင်ပြီး NUG ရဲ့ ကြိုးပမ်းမှုတွေကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက ထောက်ခံပေးဖို့လိုတယ်လို့ Fortify Rights ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပြစ်ဒဏ်ခံရခြင်းကနေ ကင်းလွတ်မှုတွေကို အဆုံးသတ်ခြင်းလို့ ခေါင်းစဉ်ပေးထားတဲ့ စာမျက်နှာ ၄၈ မျက်နှာပါ အစီရင်ခံစာကို Fortify Rights အဖွဲ့က ထုတ်ပြန်ခဲ့တာပါ။ ICC တရားရုံးကို တင်ပြနိုင်တဲ့ နည်းလမ်း နှစ်ခုလုံးကို NUG အစိုးရက ခပ်မြန်မြန် လုပ်ဆောင်ဖို့လည်း Fortify Rights က အကြံပေးပါတယ်။ NUG က အခုလို ဆောင်ရွက်လာမယ်ဆိုရင် တရုတ်၊ ရုရှား ဒါမှမဟုတ် အရှေ့တောင်အာရှ နိုင်ငံအချို့နဲ့ အာဏာသိမ်း မြန်မာစစ်တပ်က ကန့်ကွက် ပယ်ချလာနိုင်တယ် ဆိုပေမယ့်လည်း ဒီနိုင်ငံတွေက ရောမစာချုပ် အဖွဲ့ ဝင်နိုင်ငံတွေ မဟုတ်တာကြောင့် ဒီလိုလုပ်လို့ မရနိုင်ဘူးလို့ Fortify Rights အဖွဲ့က ပြောပါတယ်။

ICC တရားရုံးရဲ့ ရောမစာချုပ်အဖွဲ့ဝင် နိုင်ငံပေါင်းက ၁၂၃ နိုင်ငံရှိပြီး မြန်မာနိုင်ငံက အဲဒီအထဲမှာ မပါသေးပါဘူး။ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာ မွတ်စလင်တွေအပါအဝင် လူ အစုလိုက် အပြုံလိုက်ကို ရက်ရက်စက်စက် ပြစ်မှုကျူးလွန်တာတွေရှိပေမယ့် တာဝန်ရှိတဲ့သူတွေ အရေးယူမခံရဘဲ ကင်းလွတ်ခွင့် ရနေတဲ့အပေါ် နိုင်ငံတကာကနေ အရေးယူနိုင်အောင် လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ကြိုးပမ်း နေကြတာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org