လေကြောင်းရန်ကြောင့် တွန်းဇံဒေသခံ တစ်သောင်းကျော် နေရပ်မပြန်နိုင်သေး
ချင်းပြည်နယ် တွန်းဇံမြို့ကို CNA ပူးပေါင်းတပ်တွေက သိမ်းယူထားပေမယ့် ဒေသခံတွေကတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်တဲ့အတွက် နေရပ်မပြန်နိုင်သေးဘူးလို့ RFA ကို ပြောပါတယ်။
-
RFA Burmese
2024-06-06 -
-
-
ချင်းပြည်နယ် တွန်းဇံမြို့ကို ချင်းအမျိုးသားတပ်မတော် (CNA) ပူးပေါင်းတပ်တွေက သိမ်းယူထားပေမယ့် ဒေသခံတွေကတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်တဲ့အတွက် နေရပ်မပြန်နိုင်သေးဘူးလို့ RFA ကို ပြောပါတယ်။
တွန်းဇံမြို့ကို မေလ ၂၃ ရက်မှာ CNA ပူးပေါင်းတပ်တွေက သိမ်းယူခဲ့ပြီး လက်နက် ငါးဆယ်ကျော်နဲ့ ငွေကျပ် သိန်းသုံးထောင်ဝန်းကျင် သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း ထွက်ပြေးခဲ့ရတဲ့ ဒေသခံ တစ်သောင်းကျော်ဟာ ကလေးမြို့၊ အိန္ဒိယ- မြန်မာ နယ်စပ်နဲ့ ဘေးလွတ်ရာ ကျေးရွာတွေမှာ ထွက်ပြေးခိုလှုံနေရတာပါ။
နေရပ်ပြန်သူတချို့ရှိပေမယ့် အများစုက ဆက်လက်တိမ်းရှောင်နေဆဲဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"လေကြောင်းဒဏ်ကို ကြောက်နေရသေးတာရယ်၊ ပြန်မယ့်လမ်းကြောင်းက တီးတိန်မှာလည်း အခုတိုက်ပွဲဖြစ်တော့ အခက်အခဲရှိတာရယ်၊ အခြေအနေက ဘာမှန်းမသိရသေးတာတွေကြောင့် အားလုံးမပြန်ကြသေးတာ။ အခု ပြန်တဲ့သူက တချို့တလေပဲ၊ အိမ်ကို ပြန်ကြည့်တဲ့သဘောပေါ့"
အရပ်သားတွေ နေရပ်စွန့်ခွာရတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ချင်းပြည်နယ်မှာ တွန်းဇံမြို့ အပါအဝင် ကျီခါး၊ ရိဒ်ခေါဒါရ်၊ ဆူရ်ခွား၊ ရေဇွာ၊ လိုင်လင်းပီ၊ မကွီးအိမ်နူး၊ နှာရိန်၊ ဝေဘူလ၊ ကျင်ဒွေး စတဲ့မြို့ ဆယ်မြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းယူထားပြီး ပလက်ဝမြို့နဲ့ ဆမီးမြို့ကိုတော့ ရက္ခိုင့်တပ်တော် (AA) က ထိန်းချုပ်ထားပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးသူ ၂.၇ သန်းကျော်ရှိနေပါပြီ။