တိုရွန်တိုစတား သတင်းစာ မှားယွင်းဖော်ပြမှု မြန်မာနိုင်ငံသားများ ဆန္ဒပြ
ကနေဒါနိုင်ငံ တိုရွန်တိုမြို့က တိုရွန်တိုစတား သတင်းစာတိုက်ရှေ့မှာ ကနေဒါရောက် မြန်မာနိုင်ငံသားတွေ စုဝေးပြီး ဆန္ဒပြခဲ့ကြပါတယ်။ ရခိုင်ပြည်နယ် အရေးနဲ့ပတ်သက်ပြီး ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာ ရိုဟင်ဂျာတွေ ဆန္ဒပြကြတာနဲ့ ပတ်သက်ပြီး တိုရွန်တိုစတား သတင်းစာမှာ မှားယွင်းတဲ့ အချက်အလက်တွေ ထည့်သွင်း ဖော်ပြခဲ့တဲ့အတွက် မြန်မာနိုင်ငံသားတွေက ကန့်ကွက် ဆန္ဒပြခဲ့ကြတာလို့ သိရပါတယ်။
-
2012-09-01 -
-
-
သတင်း အချက်အလက်တွေ မှားယွင်း ဖော်ပြမှုတွေဟာ မြန်မာနဲ့ မူဆလင်တွေကြား ပြဿနာကို ပိုမိုကြီးထွားစေတဲ့အတွက် ကန့်ကွက်ဆန္ဒပြကြတာ ဖြစ်ကြောင်း ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ကိုစိုးမိုးသူက ပြောပါတယ်။
"လွန်ခဲ့တဲ့ တစ်ပတ်လောက်က ကျွန်တော်တို့စတား သတင်းတိုက်က ၂ ခါဆက်တိုက်ပေါ့နော်၊ သတင်းတွေကို မှားယွင်းပြီး လွှင့်ခဲ့တဲ့ အချက်တွေပေါ်မှာ မူတည်ပြီးတော့မှ နောက်နောင်ဆိုရင် ဒီလိုသတင်းမျိုးတွေကို ကွန်မြူနတီ နှစ်ဘက်ကြားထဲမှာ ပြဿနာ ပိုပြီးမဖြစ်စေဖို့ အတွက် ကွန်မြူနတီ နှစ်ဘက်စလုံးကို နားထောင်ပြီးတော့မှ သတင်းတွေကို ကြားထဲက မျှတစွာ ရေးပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြပါတယ်။ ပြဿနာ ပိုမိုပြီးတော့ ကြီးထွားလာမယ့်အစား သေးသွားဖို့အတွက်ကို ကျွန်တော်တို့အဖြေရှာဖို့ဖြစ်တယ်။ ဟိုဘက်ကော ဒီဘက်ကော မှားယွင်းတဲ့ သတင်းတွေကို နောက်နောင်မှာ မှားပြီးတော့ မထုတ်လွှင့်စေဖို့အတွက်ကို ဒါကို ကျွန်တော်တို့အဓိက တားဆီးဖို့အတွက် ဖြစ်ပါတယ်"
ဒီဆန္ဒပြပွဲမှာ မြန်မာ ဗုဒ္ဓဘာသာအသင်း၊ ၈၈ မျိုးဆက်ကျောင်းသားများနဲ့ မြန်မာမိသားစုတွေ အင်အား စုစုပေါင်း ၇၀ လောက် ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။ မနေ့က နေ့လည် ၁ နာရီမှာ ကနေဒါနိုင်ငံ တိုရွန်တိုမြို့က တိုရွန်တို သတင်းစာတိုက်ရှေ့မှာ ဆန္ဒပြခဲ့ကြပြီး သတင်းစာတိုက်ကိုလည်း အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီနောက် ပြည်နယ်အစိုးရ ပါလီမန် ရုံးချုပ်ရှေ့ကို သွားရောက် ဆန္ဒပြကြပါတယ်။ အဲဒီမှာ အထက်လွှတ်တော်အမတ် ဂျင်ကယ်ရီနဲ့တိုင်းရင်းသား ခေါင်းဆောင်တွေက ဆန္ဒပြပွဲမှာ မိန့်ခွန်းပြောကြားခဲ့ ကြတယ်လို့ သိရပါတယ်။