တောင်ကုတ်မှာ လေကြောင်းနဲ့ ဗုံးကြဲလို့ အမျိုးသမီးနှစ်ဦး သေဆုံး

တောင်ကုတ်မြို့နယ် ကံဆိပ်ရွာကို ဇွန် ၁၈ ရက် မနက်ပိုင်းမှာ စစ်တပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပါတယ်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကံဆိပ်ရွာကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့က လေကြောင်းနှင့် ဗုံးကြဲခံရအပြီး တွေ့ရစဥ်။ Citizen Photo

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ပန်းတင်းတိုက်နယ်၊ ကံဆိပ်ရွာကို ဇွန်လ ၁၈ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက် ၁၀ နာရီခွဲဝန်းကျင်မှာ လေကြောင်းကနေ ဗုံးငါးလုံးကြဲချခဲ့တာဖြစ်ပြီး တစ်လုံးက ကံဆိပ်ရွာရဲ့ အစွန်ကမ်းနားက အိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၁၇ နှစ်နဲ့ အသက် သုံးဆယ်ခန့် အရွယ် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့တာလို့ ပန်းတင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဗုံးငါးလုံးကြဲတာမှာ တစ်လုံးက ကံဆိပ်ရွာကမ်းစပ်က အိမ်ပေါ်ကျကွဲတာမှာ နှစ်ယောက်သေသွားတာ။ ရွာတည့်တည့်မကျတော့ တော်သေးတာပေါ့။ သုံးယောက်သေတာ မဟုတ်ပါဘူး။ နှစ်ယောက်သေတာ။ တစ်ယောက်က အသက် ၁၇ လောက်၊ တစ်ယောက်က သုံးဆယ်အရွယ်။ ရွာအစွန်ဆိုတော့ ဒဏ်ရာရတာတော့ မရှိလိုက်ဘူး”

နောက်ထပ် တောင်ကုတ်ဒေသခံတစ်ဦးကလည်း သေဆုံးသူထဲက အသက် ၁၇ နှစ်အရွယ် မိန်းကလေးဟာ ဒီနှစ်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူးသုံးဘာသာနဲ့ အောင်မြင်ထားသူလို့ ပြောပါတယ်။

ဇွန်လ ၁၅ ရက်နေ့က စတင်ပြီး တောင်ကုတ်မြို့နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

လက်ရှိမှာ စစ်ကောင်စီတပ်က ရေကြောင်းနဲ့ ကုန်းလမ်းတွေကိုပါ သွားလာခွင့်ပိတ်ထားလို့ တိုက်ပွဲကြား ပိတ်မိနေတဲ့ ပြည်သူတွေရှိနေတယ်လို့ တောင်ကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။

“ပိတ်မိနေတဲ့သူတွေရှိတယ်။ မြို့ကလူတွေ မထွက်ရတော့ဘူးလေ။ စစ်ကောင်စီဘက်က အကုန်ပိတ်ထားပြီ။ ခိုးထွက်တာတွေတော့ ရှိတာပေါ့။ ရေလမ်းရော၊ ကုန်းလမ်းရော ပိတ်ထားတာ။ သူတို့ (စစ်ကောင်စီတပ်သား) မြင်လို့ ခေါ်လို့မလာရင် သေနတ်နဲ့ပစ်တာ”

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ လေကြောင်းနဲ့ လက်နက်ကြီး ကြောင့် စုစုပေါင်း အရပ်သား ၁၉၄၂ ဦး သေဆုံးခဲ့ပြီး နောက်ထပ် အရပ်သား ၃၈၆၆ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org