တင်သွင်းခွင့်ပိတ်လိုက်သည့် အန္တရာယ်ရှိ အဆီကျဆေးများ ရောင်းချနေဆဲ
မြန်မာနိုင်ငံ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေတဲ့ Sibutramine (ဆဘူထရာမင်း) ဓာတုဗေဒဆေး ပါတဲ့ ပိန်ဆေး၊ အဆီကျဆေးတွေ ဘေး အန္တရာယ် ကင်းရှင်းမှုမရှိတဲ့အတွက် တင်သွင်းတာ ရပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက အမိန့်ထုတ်လိုက်ပါတယ်။
-
2011-08-07 -
-
-
အဲဒီအမိန့်စာမှာ ဖော်ပြထားချက်အရ ဆေးအမျိုးပေါင်း ၁၂ မျိုး ပါရှိပြီး အိန္ဒိယ၊ ဘင်္ဂလားဒေရှ့် နဲ့ ပါကစ္စတန်တို့က တင်သွင်းတာလို့ သိရှိရပေမယ့် အများပြည်သူကို တရားဝင် သတင်းထုတ်ပြန် အသိပေးတာ မရှိတဲ့အတွက် ဈေးကွက်ထဲမှာ ဒီနေ့အထိ ဆက်လက် ရောင်းချနေတုန်းပဲလို့ ရန်ကုန်မြို့လယ်မှာ ရှိတဲ့ ဆေးဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။
ဇူလိုင်လ ၂၆ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အမိန့်စာကို မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ ဆေးနဲ့ ဆေးပစ္စည်း ကုန်သယ်ကြီးများနဲ့ လုပ်ငန်းရှင်များအသင်းဝင် ကုမ္ပဏီတွေကို တရားဝင် အကြောင်းကြားထားပြီး ဒီ ဆေးဝါးတင်သွင်းခွင့် လက်မှတ်နဲ့ ဆေးဝါးတင်သွင်းခွင့် နောက်ဆက်တွဲတွေကို အပ်နှံရမယ်လို့ အမိန့်စာမှာ ဖော်ပြထားပါတယ်။
လက်ရှိ ရန်ကုန်ဈေးကွက် လက်လီအရောင်းဆိုင် တချို့မှာ ပိန်ဆေး ၄ မျိုးလောက်ရှိပြီး အဲဒီဆေးဝါးတွေဟာ လွန်ခဲတဲ့ ၁ဝ နှစ်လောက်ကတည်းက အိန္ဒိယနိုင်ငံဘက်ကနေ တင်သွင်းနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အလေးချိန် လျော့စေတဲ့ ကော်ဖီမစ်၊ ကွေကာ စတာတွေကို အစိုးရနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေက ပြည်တွင်းမှာတင် ထုတ်လုပ် ရောင်းချနေတယ်လို့လည်း သိရပါတယ်။