ရွှေဖီမြေသတင်းထောက်နဲ့ တအာင်းလူငယ်တွေဖမ်းခံရမှုကို TPCC ကန့်ကွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့အခြေစိုက် တအာင်းကျောင်းသားနဲ့ လူငယ်အဖွဲ့ ဝန်ထမ်းတစ်ဦး၊ တအာင်းပရဟိတ ပညာရေးဘော်ဒါဆောင်က ကျောင်းဆရာ ငါးဦးနဲ့ ရွှေဖီမြေသတင်းထောက် အမျိုးသမီးတစ်ဦးတို့ကို စက်တင်ဘာလ ၂၅ ရက်နေ့ညမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့အပေါ် ကန့်ကွက်ကြောင်း တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ (TPCC) က ဒီကနေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

အဖမ်းခံရတဲ့ ရွှေဖီမြေသတင်းဌာန သတင်းထောက် လွေးအမ်ဖောင်နဲ့ တအာင်းကျောင်းသားနဲ့ လူငယ်အဖွဲ့က မိုင်းအောင်သက်ဦး တို့ကို တွေ့ရစဥ် Photo: CJ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့အခြေစိုက် တအာင်းကျောင်းသားနဲ့ လူငယ်အဖွဲ့ ဝန်ထမ်းတစ်ဦး၊ တအာင်းပရဟိတ ပညာရေးဘော်ဒါဆောင်က ကျောင်းဆရာ ငါးဦးနဲ့ ရွှေဖီမြေသတင်းထောက် အမျိုးသမီး တစ်ဦးတို့ကို စက်တင်ဘာလ ၂၅ ရက်နေ့ညမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့အပေါ် ကန့်ကွက်ကြောင်း တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ (TPCC) က ဒီကနေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

ဖမ်းခံရသူတွေဟာ တအာင်းကျောင်းသားနဲ့ လူငယ်အဖွဲ့က မိုင်းအောင်သက်ဦး၊ တအာင်းပရဟိတ ဘော်ဒါဆောင်က ကျောင်းဆရာတွေဖြစ်ကြတဲ့ မိုင်းနိုင်ဝင်း၊ မိုင်းညီလွယ်၊ မိုင်းဘဦး၊ မိုင်းအောင်သန်းဌေး၊ မိုင်းကျော်ဝင်းနဲ့ ရွှေဖီမြေသတင်းဌာန သတင်းထောက် လွေးအမ်ဖောင် တို့ဖြစ်ပါတယ်။

စက်တင်ဘာ ၂၅ ရက်နေ့က စစ်ကောင်စီတပ်သား အင်အား ၃၀ ဝန်းကျင်နဲ့ လားရှိုးမြို့ (၁၁) ရပ်ကွက်မှာရှိတဲ့ တအာင်းကျောင်းသားနဲ့ လူငယ်အဖွဲ့ရုံးကို ၀င်ရောက်ရှာဖွေပြီး မိုင်းအောင်သက်ဦး ကို ဖမ်းဆီးခဲ့သလို အဲဒီနေ့ ညမှာပဲ (၁) ရပ်ကွက်က တအာင်းပညာရေးအင်စတီကျူ (TEI) ရုံးဟောင်းမှာ ကျန်တဲ့ခြောက်ဦးကို ဖမ်းဆီး သွားတာဖြစ်ပါတယ်။

ရွှေဖီမြေသတင်းထောက် လွေးအမ်ဖောင်ကို စက်တင်ဘာလ ၂၅ ရက်နေ့ ညပိုင်းကနေ ၃၀ ရက်နေ့အထိ စစ်ကြောရေးမှာစစ်ဆေးခဲ့ပြီးနောက် လက်ရှိမှာတော့ လားရှိုးမြို့ အမှတ် (၁) ရဲစခန်းထံ ရောက်လာပြီလို့ ရွှေဖီမြေသတင်းဌာန အယ်ဒီတာက ပြောပါတယ်။

လွေးအမ်ဖောင်ကို ဘယ်ပုဒ်မနဲ့ အမှုဖွင့်ထားလဲဆိုတာ တိတိကျကျ မသိရသေးပေမယ့် ကူညီနိုင်မယ့် ရှေ့နေတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

လွေးအမ်ဖောင်ဟာ အခုနှစ်ဆန်းပိုင်းမှာစလို့ ရွှေဖီမြေသတင်းဌာနအတွက် ရုပ်သံသတင်းထောက်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း မတ်လမှာတော့ လုံခြုံရေးအရ အလုပ်ကနေ နားခိုင်း ထားတာဖြစ်ပေမယ့် လုပ်အားပေးပုံစံနဲ့ ဆက်လက်ကူညီနေသလို တအာင်းပညာရေးပရဟိတအဖွဲ့ နဲ့ပေါင်းပြီး စစ်ဘေးရှောင်တွေကို ကူညီတာ၊ ကျေးရွာတွေမှာ ကွင်းဆင်းတဲ့မှတ်တမ်းတွေ ရိုက်ပေးတာ စတာတွေကို ကူညီလုပ်ဆောင်ပေးနေတာလို့ ရွှေဖီမြေအယ်ဒီတာက ပြောပါတယ်။

တအာင်းကျောင်းသားနဲ့ လူငယ်အဖွဲ့ဟာ ရှမ်းမြောက်ဒေသထဲမှာ တအာင်းတိုင်းရင်းသားလူငယ်တွေကို လူ့အခွင့်အရေးဆိုင်ရာ၊ လူသားချင်းစာနာမှုဆိုင်ရာသင်တန်းတွေ ပို့ချနေတာဖြစ်ပြီး တအာင်းပရဟိတ ပညာရေးဘော်ဒါဆောင်ကတော့ ဝေးလံခေါင်သီပြီး စာသင်ကျောင်းမရှိတဲ့ရွာတွေမှာ စာသင်ကျောင်းတွေ ဖွင့်နိုင်ဖို့ ကျောင်းဆရာတွေကို မွေးထုတ်ပေးနေတာဖြစ်ပါတယ်။

အဖမ်းခံထားရတဲ့အထဲက တအာင်းလူငယ်နဲ့ ကျောင်းဆရာတွေရဲ့ အခြေအနေလည်း တိတိကျကျ မသိရသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org