မူဆယ်မြို့ကို စက်သုံးဆီသယ်ယူခွင့် TNLA ကန့်သတ်ထားကြောင်း ဒေသခံတွေ ပြော

TNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ နမ့်ခမ်းမြို့ကနေ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ကို စက်သုံးဆီ တင်ပို့ရောင်းချတာတွေ မလုပ်ဖို့ ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) တပ်ဖွဲ့ဝင်တချို့အား ၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁ဝ ရက်နေ့က တွေ့ရစဉ်။ AFP Photo

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်နယ်မြေဖြစ်တဲ့ နမ့်ခမ်းမြို့ကနေ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ကို စက်သုံးဆီ တင်ပို့ရောင်းချတာတွေ မလုပ်ဖို့ TNLA ဘက်က ကန့်သတ်ထားတယ်လို့ ဒေသခံတွေက နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ပြောပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့ကစပြီး TNLA ဘက်က အခုလို ကန့်သတ်လိုက်တာ ဖြစ်တာကြောင့် အချိန်တစ်ပတ်ခန့် ကြာမြင့်လာပြီလို့ နမ့်ခမ်းမြို့ခံ တစ်ဦး က RFA ကို ပြောပါတယ်။

“စက်သုံးဆီတစ်မျိုးတည်းပဲ တစ်ခြားဟာတွေတော့ မပါဘူး။ ဓာတ်ဆီ၊ ဒီဇယ်ပေါ့ အဓိက ပိတ်လိုက်တာ။ စစ်ကောင်စီက နမ့်ခမ်းဘက်ကို စားသောက်ကုန်တွေ၊ ဆေးဝါးတွေ သယ်ဖို့ပိတ်ထားတယ်။ အဲဒါကြောင့် သူတို့က ပြန်ပိတ်လိုက်တာလို့ပြောတယ်”

စစ်ကောင်စီက မူဆယ်မြို့ကနေ TNLA ထိန်းချုပ်ဒေသတွေကို စက်သုံးဆီနဲ့ စားသောက်ကုန်ပစ္စည်း သယ်ဆောင်ခွင့်ကို နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ကန့်သတ်လိုက်တာပါ။ ဒါကြောင့် TNLA ဘက်ကလည်း အခုလို တန်ပြန်ကန့်သတ်တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ TNLA ပြောခွင့်ရသူ လွေးယေဦးကို RFA က ဆက်သွယ်မေးမြန်းရာမှာ အဲလိုပိတ်ထားတာမရှိဘူးလို့ ငြင်းဆိုပါတယ်။

“လက်ရှိအချိန်အထိတော့ ပိတ်ပင်တာ မရှိသေးဘူး။ လွတ်လပ်စွာ ရောင်းချခွင့် ရှိပါတယ်”

ဒါပေမဲ့ နန့်ခမ်းမြို့နေ မူဆယ်ဘက်သွားတဲ့ TNLA စစ်ဆေးရေးဂိတ်တွေမှာ စက်သုံးဆီသယ်ယူခွင့် မပြုတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တရုတ်နိုင်ငံဘက်ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့ကစလို့ မူဆယ်နယ်စပ်ကနေ စက်သုံးဆီနဲ့ စားသောက်ကုန် အပါအဝင် ကုန်ပစ္စည်းတချို့ သယ်ယူခွင့်ကို ကန့်သတ်ထားတယ်လို့ နယ်စပ်မှာနေထိုင်တဲ့ ကုန်သည်တွေက ပြောပါတယ်။

ဒီကန့်သတ်မှုတွေကြောင့်လည်း မူဆယ်၊ နမ့်ခမ်း စတဲ့ဒေသတွေမှာ စက်သုံးဆီတွေ ပြတ်လပ်တဲ့အတွက် စက်သုံးအရောင်းဆိုင်တွေ အားလုံးနီးပါ ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြင်ပ မှောင်ခိုဈေးကွက်မှာတော့ အရင်က ကျပ်လေးထောင်ကျော်ရှိတဲ့ စက်သုံးဆီဈေးနှုန်းဟာ တစ်လီတာကို ကျပ်တစ်သောင်း နှစ်ထောင်ကျော် ဈေးပေါက်နေတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဘက်ကနေ မြန်မာနိုင်ငံထဲကို ကုန်ပစ္စည်းတင်သွင်းခွင့် ကန့်သတ်ထားတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အောက်တိုဘာလ ၂၃ ရက်နေ့မှာ အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ ဒီနေ့အထိ အကြောင်းပြန်လာတာ မရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org