Travelfish ခရီးသွားလမ်းညွှန်စာအုပ်အတွက် မြန်မာဆိုင်ရာ သတင်းများ စုဆောင်းရှာဖွေမှုရပ်နား
2018.09.11
ရိုက်တာသတင်းထောက် ၂ ဦးကို ထောင်ဒဏ်အပြစ်ပေးခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် သပိတ်မှောက်တဲ့ အနေနဲ့ ကမ္ဘာ့ထိပ်တန်း၊ အရှေ့တောင်အာရှဆိုင်ရာ ကမ္ဘာလှည့်ခရီးသွား လမ်းညွှန်စာအုပ်ထုတ်ဝေရေး ကုမ္ပဏီ တခုဖြစ်တဲ့ Travelfish ကုမ္ပဏီက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အချက်အလက်အသစ် စုဆောင်းရှာဖွေတာတွေကို ရပ်နားလိုက်ကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးစစ်ဆင်ရေး ဆင်နွှဲခဲ့တယ်ဆိုတဲ့သတင်းနဲ့ ရိုက်တာ သတင်းထောက် ၂ ဦး ထောင်ဒဏ်ချမှတ်ခံရတဲ့သတင်းတွေ ထွက်ပေါ်လာအပြီး အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ ဒီလုပ်ငန်းတည်ထောင်သူ စတူးဝပ် မက်ဒေါနယ်က ပြောပါတယ်။
မြန်မာနိုင်ငံအခြေအနေ ပြောင်းလဲလာရင် မြန်မာနိုင်ငံ ခရီးသွားလာရေး သတင်းအချက်လက် ရေးသားထုတ်ဝေတာကို ပြန်စဉ်းစားမယ်လို့လည်း ဗြိတိန်နိုင်ငံထုတ် The Telegraph သတင်းစာကို ပြောကြားခဲ့ပါတယ်။