ပိုးစစ်ဆေးမှုရလဒ်သက်တမ်း ၇၂ နာရီထက် ပိုပေးဖို့ ယာဉ်မောင်းတွေ တောင်းဆို

နေရာအနှံ့သွားလာနေရတဲ့ ကုန်တင်ယာဉ်မောင်းသူတွေနဲ့ ယာဉ်နောက်လိုက်တွေဟာ သုံးရက် တစ်ကြိမ် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ယူ စစ်ဆေးခံရတဲ့ဒဏ်ကို မခံနိုင်တာကြောင့် ဆေးစစ်သက်တမ်းကို ရက်တိုးသတ်မှတ်ပေးဖို့ လိုလားနေကြပါတယ်။

လားရှိုးမြို့အဝင်မှာ ကုန်တင်ယာဉ်မောင်းနဲ့ နောက်လိုက်တွေကို ၂၀၂၀ အောက်တိုဘာ ၂ ရက်နေ့ ကျန်းမာရေးစစ်ဆေးနေစဉ် Photo: Kan Thar/RFA

နေရာအနှံ့သွားလာနေရတဲ့ ကုန်တင်ယာဉ်မောင်းသူတွေနဲ့ ယာဉ်နောက်လိုက်တွေဟာ သုံးရက် တစ်ကြိမ် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ယူ စစ်ဆေးခံရတဲ့ဒဏ်ကို မခံနိုင်တာကြောင့် ဆေးစစ်သက်တမ်းကို ရက်တိုးသတ်မှတ်ပေးဖို့ လိုလားနေကြပါတယ်။

မြို့အဝင်အထွက်တွေမှာလည်း ပိုးစစ်ဆေးမှုတွေကြောင့် ယာဉ်တန်းတွေပိတ်မိနေပြီး ကုန်စည် စီးဆင်းမှု ကြန့်ကြာတဲ့ အခြေအနေတွေလည်း ကြုံတွေ့နေရပါတယ်။

ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေဟာ ကုန်စည်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတလျှောက် ဖြတ်သန်းရတဲ့ မြို့နယ်တော်တော်များများမှာ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ယူ စစ်ဆေးခံကြရပြီး တစ်ကြိမ်စစ်ဆေးမှုကို ၇၂ နာရီ သက်တမ်းသာပေးလို့ သက်တမ်းကုန်ဆုံးရင် ဖြတ်သန်းမယ့် မြို့အဝင်ပေါက် တွေက ထပ်မံစစ်ဆေးမှုတွေ ခံယူကြရပါတယ်။

မူဆယ်၊ မန္တလေး၊ ရန်ကုန်၊ မြဝတီ ကုန်လမ်းကြောင်းတစ်ခေါက်သွားရင် သုံး၊ လေးကြိမ်ခန့် စစ်ဆေးခံကြရပြီး မကြာခဏ နှာခေါင်းအတွင်းကို ထိုးယူစစ်ဆေးခံရမှုကြောင့် နာကျင်မှုတွေ ခံစားကြရတယ်လို့ ပြောပါတယ်။

ဒီဒဏ်ကိုမခံနိုင်လို့  ကုန်တင်ယာဉ်မောင်း ကိုသက်အောင်က ကပ်ရောဂါကာလအတွင်း ကုန်ကားမောင်းနှင်မှုကို ရပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

“သုံးရက်တစ်ခါစစ်တာ ကားသမားတွေအတွက် နစ်နာတယ်၊ ခရီးလည်းမပေါက် ကားတန်းကြီးတွေလည်း ပိတ်၊ ကျနော်တို့က အစစ်မခံချင်ဘူး၊ သူတို့စစ်တာကလည်း နှာခေါင်းအတွင်းထဲအထိ ထိုးတာ နှာနုကိုထိုးတာ ဆိုတော့ နှာခေါင်းကို အထိကိုမခံချင်တော့ဘူး၊ ကျနော်ဆို သုံးခါရှိပြီ အထိုးခံရတာ အထိမခံနိုင်တော့ဘူး။ တော်တော်များများကလည်း ပြောကြတယ်၊ ဒီတစ်ခေါက်တော့နာပြီ အထိမခံနိုင်တော့ဘူးဆိုပြီး”

ကိုသက်အောင်လိုပဲ နားဖို့ ဆုံးဖြတ်လိုက်တဲ့ ယာဉ်မောင်းအများအပြားရှိနေပြီး နောက်ဆက်တွဲအနေနဲ့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေမှာ ယာဉ်မောင်းရှားပါးတဲ့ အခြေအနေဖြစ်လာနေပါတယ်။

ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့  စစ်ဆေးမှုသက်တမ်းကို သုံးရက်အစား တစ်ပတ် ဒါမှမဟုတ် ၁၀ ရက်လောက် တိုးပေးဖို့ကို ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တွေက လိုလားနေကြပါတယ်။

“၁၀ ရက်လောက်ထားစေချင်တယ် ၁၀ ရက် မဟုတ်ရင်တောင် ၁ ပတ်ပေါ့၊ သူတို့လည်း ဆင်ဆင်ခြင်ခြင်နေ တာပဲလေနော်၊ ဘယ်သူကမှ အကူးမခံချင်ကြဘူးလေ၊ အဲလိုတွေဖြေလျှော့ဖို့ နောက်တစ်ခုက လမ်းတံတား ကြေးလေးတွေ လျှော့ပေးဖို့”

ဒါက ငွေနဂါးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းက ဂိတ်မှူး ကိုနန်း ပြောသွားတာပါ။

ရက်သက်မှတ်ချက်ဟာ သက်ဆိုင်ရာမြို့အဝင်ဂိတ်က ကျန်းမာရေးမှူးတွေရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး တချို့မြို့နယ်တွေက စစ်ဆေးမှုအဖြေကို ၅ ရက်အထိ လက်ခံတာရှိသလို တချို့မြို့နယ်တွေက တစ်ပတ်အထိ လက်ခံပေးတာမျိုး ရှိနေပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ကုန်ကားမောင်းနှင်သူတွေရဲ့ ဆေးစစ်ချက်ကို ၇၂ နာရီလို့ တရားဝင် သတ်မှတ်ထား တာဖြစ်ပြီး ဖြတ်သန်းလာတဲ့ မြို့နယ်အခြေအနေပေါ်မူတည်ပြီး သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူတွေက ဆောင်ရွက်တာလို့ ကုန်သည်စက်မှုအသင်းချုပ် UMFCCI အထွေထွေတွဲဘက် အတွင်းရေးမှူး ဦးမျိုးသန့်က ရှင်းပြပါတယ်။

“ဘယ်ခရီးဒေသကလာတယ် ဘယ်လောက်ကြာသွားပြီ ဒါတွေပေါ်မူတည်ပြီး အဲလိုစစ်ဆေးတာ၊ ကားသမားတွေဘက်ကတွက်ရင်လည်း ဟုတ်ပါတယ် သူတို့နာမှာပေါ့၊ ဒါတွေကို ညှိနှိုင်းပြီး ကျန်းမာရေးဝန်ကြီးဌာနနဲ့ ဒေသအာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီးဆောင်ရွက်ရမှာပေါ့၊ ညှိနှိုင်းဆောင်ရွက်ပေးမယ်ဆိုရင် ကုန်စည်စီးဆင်းမှုက အခက်အခဲတွေ မရှိနိုင်ဘူးလို့ထင်ပါတယ်”

မြို့အဝင်ဂိတ်တွေမှာ ကျန်းမာရေးဆေးစစ်ချက်ရယူနေလို့ ကားတန်းရှည်ကြီးတွေပိတ်ပြီး တချို့မြို့အဝင်ဂိတ်တွေမှာဆိုရင် ရက်နဲ့ချီကြာတဲ့အထိ ပိတ်နေတာတွေရှိတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

အဲဒီလိုကြန့်ကြာမှုတွေကြောင့် ကုန်ပစ္စည်းတွေ ပုပ်သိုးပြီး ဆုံးရှုံးနစ်နာတာတွေ ရှိနေတယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီး၊ ဗဟိုစံပြငါးဈေးက ပြည့်ဖြိုးအောင် ငါးပုဇွန်ရောင်းဝယ်ရေးပိုင်ရှင် ကိုကျော်သူ က ရင်ဖွင့်ပါတယ်။

“ကားသမားတွေက ခဏခဏစစ်ခံရတော့ မထွက်ချင်ကြတော့ဘူး၊ ကုန်စည်ပို့တာမှာ ကားတွေ အခက်အခဲဖြစ်နေတယ် နောက်တစ်ခုက ဆေးစစ်တယ်၊ သားငါးပုပ်သိုးကုန် ကုန်စိမ်း ဦးစားပေးမလွှတ်တော့ ကားတွေပိတ်နေတယ်၊ တန်းစီဆိုတော့ ဘာမှမထူးဘူး၊ ကြန့်ကြာတာပဲ ကုန်စိမ်းသားငါးကို ဦးစားပေးလွှတ်သင့်တယ်၊ နောက်မှ ကုန်ခြောက်ဆေးဝါး လောင်စာ ဒါမျိုး လွှတ်သင့်တာပေါ့”

ကပ်ရောဂါကာလ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးမှာ ခရီးလမ်းမှာကြန့်ကြာတာ၊ ပို့ကုန်သွင်းကုန် နည်းပါးတာ၊ ကျန်းမာရေးစစ်ဆေးခတွေပါ အပိုထပ်ဆောင်း ကုန်ကျမှုတွေကြောင့် ကုန်စည်ဈေးနှုန်း မြင့်တက်မှုတွေရှိလာပါတယ်။

ကုန်ကားပိုင်ရှင်လည်းဖြစ် ယာဉ်မောင်းလည်းဖြစ်တဲ့ ကိုဇော်သင်းက

“တောင်ပေါ်ကလာတဲ့ကုန် မြေပြန့်ကလာတဲ့ကုန် ကုန်စည်စီးဆင်းမှုနှေးသွားရင် အချိန်နဲ့အမျှ ဈေးကတက်နေတာ၊ ကျနော်တို့ကားတွေ ရပ်ထားတာ ရန်ကုန်မှာ ခရမ်းချဉ်သီး တပိဿာကို ၃၀၀၀ ပေးရတယ်။ အဲလို အရင်က တစ်ရက်နဲ့ရောက်တယ် အစစ်အဆေးမရှိဘူး ကုန်စည်စီးဆင်းမှု မြန်ဆန်တော့ ဈေးနှုန်းကမတက်ဘူး၊ အခုက ဆေးစစ်တာကတမျိုး ည၁၂ နာရီ မထွက်ရဆိုတာနဲ့ အချိန်တွေက အများကြီးပေးရတယ် အချိန်မီမရောက်တော့ ဈေးနှုန်းတွေက တက်သွားတာပေါ့”

ကုန်စည်စီးဆင်းမှု အဆင်ပြေစေဖို့ ကျန်းမာရေးစစ်ဆေးမှု သက်တမ်းကို တိုးမြှင့်ပေးတာ၊ လမ်းတံတား ကြေးတွေကို လျှော့ပေါ့ပေးတာမျိုး လုပ်ဆောင်ပေးဖို့လည်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေက လိုလားနေပါတယ်။

စားသောက်ကုန်ဈေးနှုန်းတွေဟာ အထိုက်အလျှောက် အနည်းငယ်မြင့် တက်လာတာမျိုးရှိပေမယ့် စားသောက်ဆိုင်တွေ ပိတ်ထားရတာ၊ လူတွေဈေးဝယ်မထွက်နိုင်တဲ့ အခြေအနေတွေကြောင့် ရောင်းလိုအားနဲ့ ဝယ်လိုအားက မျှခြေမှာရှိနေပြီး ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာဖို့မရှိဘူးလို့ ကုန်သည်တွေကတော့ သုံးသပ်ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org