မန္တလေးမြို့မှာ ကုန်တင်တွဲကား ညအိပ်ရပ်နားခွန်တွေ တိုးမြှင့်ကောက်ခံ


2016.11.13
kachin-truck-620.jpg မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမပေါ် ဒွန်ဘန်ရွာမှာ ရပ်ထားတဲ့ ကုန်တင်ကားကြီးများကို စက်တင်ဘာ ၃၀ ရက်နေ့က တွေ့ရစဉ်
.

မန္တလေးမြို့ စည်ပင်နယ်နိမိတ်အတွင်းက လမ်းတွေပေါ်မှာ ညအိပ်ရပ်နားတဲ့ ကုန်တင်တွဲကားတွေကို ဒီလကစပြီး ညအိပ်ရပ်နားခတွေ အရင်ထက် နှစ်ဆနီးပါး တိုးမြှင့်ကောက်ခံလိုက်တဲ့ အတွက် ကုန်တင်ကားပိုင်ရှင်တွေ အခက်အခဲရှိနေကြပါတယ်။

ကုန်တင်ကားတွေ ရပ်နားရမယ့် ကားဝင်းက ကျဉ်းတဲ့အတွက် ကားဝင်းပြင်ပမှာ ရပ်နားရတာဖြစ်ပြီး အခုလို ညအိပ်ရပ်နားခွန် တိုးမြှင့်လိုက်တာ အဆင်မပြေကြောင်း မန္တလေးမြို့က ကုန်တင်တွဲ ကားပိုင်ရှင်တစ်ဦး က ပြောပါတယ်။

"ရန်ကုန်၊ မူဆယ်၊ မော်လမြိုင် စတဲ့ကုန်ရှိတဲ့နေရာတွေကို သွားဖို့အတွက် ကုန်ကားတွေအများကြီး ညအိပ်ပြီးစောင့်နေကြရတယ် ၊ ရပ်နားဖို့ ကားယာဉ်ရပ်နားစခန်းဆိုတဲ့ဟာလည်း ကားအရေအတွက်နဲ့ ကားကွင်းကကျဉ်းတယ်၊ ကားတွေကများတယ် မဆန့်ဘူး၊ ဥပမာ မန္တလေးကားဆိုရင် ၂၅ဝဝ၊ နယ်ကားမှ သမျှ ၃ဝဝဝ ညအိပ်ကြေးကောက်မယ်ဆိုလို့ရှိရင် အခု ကုန်စည်စီးဆင်းမှုကလည်း မကောင်းဘူး၊ ဒီဟာအပိုကုန်ကျငွေဖြစ်တဲ့ ညအိပ်ခွန်ကလာမယ်ဆိုရင် လုံးဝကားတွေရပ်ထားရမယ့်ပုံစံမျိုးဖြစ်သွားပြီ"

အရင်က ကုန်တင်တွဲကားတစ်စီးရဲ့ညအိပ်ရပ်နားခဟာ ငွေ ၇၀၀ ကျပ် သာ ပေးဆောင်ရတာဖြစ်ပြီး နိုဝင်ဘာလ တစ်ရက်နေ့ကစပြီး မန္တလေးတိုင်းဒေသကြီး မှတ်ပုံတင်ယာဉ်ဆိုရင် ငွေကျပ် ၂၅၀၀ ၊ တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးက မှတ်ပုံတင်ယာဉ်တွေဆိုရင် ငွေကျပ် ၃၀၀၀ နှုန်းနဲ့ တိုးမြှင့် ကောက်ခံလိုက်တာဖြစ်ပါတယ်။

အခုလိုတိုးမြှင့်ကောက်ခံတာဟာ လမ်းတွေမှာညအိပ်ရပ်နားတဲ့ ကုန်တွဲကားတွေကြောင့် ယာဉ်ကြော ပိတ်တာ၊ အက်ဆီးဒင့်ဖြစ်တာတွေ လျော့နည်းသွားအောင် ရည်ရွယ်ပြီး ကောက်ခံတာဖြစ်တယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာနက ဌာနမှူး ဦးဝင်းမောင် က ပြောပါတယ်။

"ကားကြီးဝင်းတွေထဲမှာ ရပ်စေချင်တာပေါ့၊ သူတို့က ကားကြီးဝင်းထဲမှာ မရပ်ပဲနဲ့ အဲဒီလူနေရပ်ကွက်တွေ ထဲမှာ အဓိကတော့ လူနေရပ်ကွက်လမ်းတွေမှာ သွားပြီးညအိပ်ရပ်တဲ့ခါကျတော့ အဲဒီမှာ ယာဉ်ကြောပိတ် တာတို့၊ ညဘက်မှာ မတော်တဆမှုဖြစ်တာတို့ ဒါတွေဖြစ်တယ်၊ အဲဒါတွေကို မဖြစ်စေချင်ဘူး၊ လောလော ဆယ်တော့ ကျနော်တို့က အဲဒီနေရာတွေကို ညအိပ်ရပ်နာတာ တိုးပြီးကောက်နေတဲ့သဘောပါ"

ကားဝင်းထဲမှာ ညအိပ်ရပ်နားမယ်ဆိုရင် ညအိပ်ရပ်နားခနဲ့ ကားဝင်း ဝင်ကြေး စုစုပေါင်း ငွေကျပ် ၂ ထောင် ဝန်းကျင် ပေးဆောင်ရမှာဖြစ်တာကြောင့် ညအိပ်ရပ်နားခ ကျပ် ၇၀၀ လောက်သာ ပေးဆောင် ရတဲ့ ကားဝင်းပြင်ပမှာ ကုန်တွဲကားတွေက ရပ်နားတာဖြစ်တယ်လို့လည်း ဦးဝင်းမောင် က ပြောပါတယ်။

ကုန်တင်ကားတွေ ရပ်နားဖို့ နေရာပေးထားတဲ့ မန္တလေးမြို့က ပြည်ကြီးမင်္ဂလာကုန်တင်ယာဉ် ရပ်နားကွင်း အကျယ်ဟာ ရပ်နားတဲ့ ကုန်တင်ကားအစီးရေနဲ့ လုံလောက်မှုမရှိတာကြောင့် ကားကွင်းပတ်ဝန်းကျင်က လမ်းဘေးတစ်လျှောက်မှာ ညအိပ်ရပ်နားကြတာဖြစ်ပါတယ်။ တစ်ရက်ကို ကုန်တင်ကားအစီးရေ ၅ ထောင် ဝန်းကျင်အထိ ညအိပ်ရပ်နားကြတာဖြစ်ပါတယ်။

ကုန်တင်တွဲကားအားလုံး ရပ်နားနိုင်မယ့် ယာဉ်ရပ်နားကွင်းကို ဆောင်ရွက်ပေးစေချင်တယ် လို့ ကုန်တင်ကားမောင်းသမားတွေက ပြောပါတယ်။ ကုန်တင်ကားရပ်နားကွင်းနဲ့ ရပ်နားမယ့် ကုန်တင်ယာဉ် မျှတအောင်ကုန်တင်ယာဉ်ရပ်နားကွင်းအသစ် တစ်ခုလုပ်ပေးနိုင်ဖို့ စီစဉ်နေတယ် လို့လည်း ဦးဝင်းမောင် က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။