ချောင်းသာ ပင်လယ်ပြင်မှာ နိုင်ငံသားအထောက်အထားမဲ့သူတွေ ဖမ်းမိ
ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ချောင်းသာကမ်းခြေ ပင်လယ်ပြင်မှာ နိုင်ငံသား အထောက်အထားမဲ့သူ ခုနှစ်ဦးနဲ့ လှေသမား ငါးဦးကို လုံခြုံရေး ပူးပေါင်းအဖွဲ့က ဇန်နဝါရီလ ၄ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးမိခဲ့ပါတယ်။
-
စိုးသိမ်း
2021-01-04 -
-
-
ချောင်းသာကမ်းခြေ ပင်လယ်ပြင်မှာ ဇန်နဝါရီလ ၄ ရက်နေ့ မနက်တစ်နာရီလောက်မှာ နိုင်ငံသား အထောက်အထားမဲ့သူ ခုနှစ်ဦးနဲ့ လှေသမား ငါးဦးကို ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိတယ်လို့ ချောင်းသာမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်သူ က RFA ကို ပြောပါတယ်။
ချောင်းသာမြို့ အထွေထွေအုပ်ချုပ်ရေးဌာနရဲ့ ဝန်ထမ်းတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သတင်းတွေရရှိထားလို့ နယ်မြေစိုးမိုးရေးတွေ ပြုလုပ်နေချိန်မှာ ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။
ချောင်းသာမြို့ ကျောက်မောင်နှမကမ်းခြေရဲ့ ရေမိုင် ငါးမိုင်အကွာမှာ ပူးပေါင်းအဖွဲ့က ထိန်းသိမ်းခဲ့တာလို့ ချောင်းသာမြို့အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောပါတယ်။
“၄ ရက်နေ့ မနက် ၁ နာရီမှာ စပြီးတော့ ထိန်းသိမ်းမိတာပေါ့။ ချောင်းသာအပိုင် ကျောက်မောင်နှမ ကမ်းခြေကနေ ရေမိုင် ငါးမိုင်အကွာမှာ ထိန်းသိမ်းမိတာပေါ့။ သူကတော့ စစ်တွေဘက်က လာတဲ့ စုစုပေါင်း ၁၂ ဦး ၊ ၁၂ ဦးမှာမှ ဘဂါင်္လီကတော့ ခုနှစ်ဦးပေါ့။ ယောကျ်ား ငါးဦး၊ မိန်းမ နှစ်ဦး၊ ကျန်တဲ့ ငါးဦးကတော့ ကယ်ရီသမား၊ လှေမောင်းအဖွဲ့တွေပေါ့"
နိုင်ငံသား အထောက်အထားမဲ့တဲ့ အမျိုးသား ငါးဦးနဲ့ အမျိုးသမီး နှစ်ဦးတို့ ဖမ်းဆီးရမိတယ်လို့ ဦးကျော်သူက ပြောပါတယ်။
သူတို့ကို သယ်ဆောင်လာတဲ့ လှေသမား ငါးဦးကို အမှုဖွင့်အရေးယူမယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီးထွန်းရွှေက RFA ကို ပြောပါတယ်။
“သယ်ဆောင်လာတာက ငါးယောက်ရှိတယ်။ လှေသားတွေပေါ့။ သူတို့ကို အမှုဖွင့်မယ်"
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ခတင်ပိုက်ကျေးရွာအုပ်စု ရေချမ်းပြင်ကျေးရွာဘက်က လာတဲ့လူတွေကို ဖမ်းဆီးမိတာလို့လည်း ပြောပါတယ်။
ဒီနိုင်ငံသား အထောက်အထားမဲ့သူ ခုနှစ်ဦးကို ချောင်းသာမြို့က စောင့်ကြည့်ရေးစခန်း Facility Quarantine မှာ ထားရှိတယ်လို့လည်း ချောင်းသာမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်သူ က RFA ကို ပြောပါတယ်။
“စစ်ဆေးမှုတွေ ဆောင်ရွက်ပြီးတော့ လှေမောင်းတဲ့သူ ငါးဦးကိုတော့ ဥပဒေအရ ဆောင်ရွက်မှာပေါ့။ ကျန်တဲ့ အထောက်အထားမဲ့ ဘင်္ဂါလီ ခုနှစ်ဦးကိုတော့ ကျနော်တို့က အထက်ညွှန်ကြားချက်နဲ့ အညီ ကျနော်တို့ကတော့ ချောင်းသာမှာရှိတဲ့ Facility quarantine မှာ ထားရှိမယ်ပေါ့နော်။ သူတို့ရဲ့ အစားအသောက်တွေ၊ ဆေးဝါးတွေ ကိစ္စတွေကိုလည်း မြို့ကိုဗစ်ကော်မတီကနေပြီးတော့ ဆောင်ရွက်ပေးပါတယ်”
ဖမ်းမိထားတဲ့ ၁၂ ဦးလုံးကို RDT test kit နဲ့ စစ်ဆေးတဲ့အခါ ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့ရှိဘူးလို့လည်း မြို့အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
နိုင်ငံသားအထောက်အထားမဲ့သူ ခုနှစ်ဦးကို စောင့်ကြည့်ရေးစခန်း Facility Quarantine ၁၄ ရက် ထားရှိပြီး အထက်က ညွှန်ကြားတဲ့အတိုင်း ဆက်လက်ဆောင်ရွက်မယ်လို့ ချောင်းသာမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်သူက RFA ကို ပြောပါတယ်။