လွိုင်ကော်မှာ လက်နက်ကြီးကြောင့် အရပ်သား နှစ်ဦး သေ၊ လေးဦး ဒဏ်ရာရ

ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့နယ် ပဒါးညေးကျေးရွာထဲကို ဧပြီလ ၆ ရက် ဒီနေ့ညနေက လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရွာထဲက မိသားစုဝင် နှစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

လွိုင်ကော်မြို့နယ် ပဒါးညေးကျေးရွာတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် နေအိမ်အား ၂၀၂၂ ခုနှစ် ဧပြီလ ၆ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ - ရွှေလွိုင်ကော်ပရဟိတအသင်း

ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့နယ် ပဒါးညေးကျေးရွာထဲကို ဧပြီလ ၆ ရက် ဒီနေ့ညနေက လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရွာထဲက မိသားစုဝင် နှစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အဲဒီလက်နက်ကြီးဟာ နေအိမ်တစ်လုံးပေါ်ကို ကျရောက်လာခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“နေအိမ်ထဲမှာ လာကျတယ်။ လက်နက်ကြီးလှမ်းထုတော့ ကျသွားတာ။ ဒီညနေ ၃ နာရီမှာပဲ။ မိသားစုတွေက အိမ်မှာပဲနေကြတယ်။ နှစ်ထပ်အိမ်အောက်ဘက်မှာ နေနေကြရင်း အိမ်တည့်တည့်ကို လာကျသွားတာ။ မိသားစု တစ်စုတည်းပါပဲ။ ဆုံးသွားတာ သူ့မိန်းမပေါ့။ နောက် ညီမတစ်ယောက်လည်း ဆုံးသွားတာပေါ့”

သေဆုံးသူမှာ အသက် ၄၆ နှစ်အရွယ် မနုနဲ့ အသက် ၃၆ နှစ်အရွယ် မမိအေးတို့ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေကတော့ အသက် ၅၂ နှစ်အရွယ် ဦးဝင်းနိုင်၊ အသက် ၂၉ နှစ် အရွယ် မနောင်ဦးဖြူ၊ အသက် ၃၉ နှစ်အရွယ် မဦးနဲ့ အသက် ၇၀ အရွယ် ဒေါ်ပွန်တို့ဖြစ် ကြပြီး လက်ရှိ လွိုင်ကော်ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ သူက ပြောပါတယ်။

ပဒါးညေးကျေးရွာဘက်မှာ လက်ရှိ တိုက်ပွဲတွေ ဖြစ်ပွားတာမရှိပေမယ့် စစ်ကောင်စီတပ် ဘက်က လက်နက်ကြီးတွေ ပစ်ခတ်လာတဲ့အတွက် နေအိမ်ပေါ် ကျခဲ့တာလို့ ဆိုပါတယ်။

ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကို သိရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ညနေက ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

လွိုင်ကော်မြို့နယ် ပဒါးညေးကျေးရွာ၊ ပကြဲကျေးရွာအနီးအနားတွေမှာ ပြီးခဲ့တဲ့နှစ်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ တာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

လက်ရှိမှာ တိုက်ပွဲမဖြစ်တော့တဲ့အတွက် ဒေသခံတချို့ ရွာမှာ ပြန်လည်နေထိုင်နေရာကနေ အခုလို လက်နက်ကြီးကျပြီး သေဆုံးထိခိုက်မှု ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ကလည်း လွိုင်ကော်မြို့နယ် လွယ်ထွဲရွာမှာ လက်နက်ကြီး ကြောင့် နေအိမ်ခြံဝင်းထဲ ဆော့ကစားနေတဲ့ ကလေးငယ် သုံးဦး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

ကယား (ကရင်နီ) ပြည်နယ်မှာ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပွားလာတဲ့ စစ်ရေးကာလ အတွင်း သေဆုံးတဲ့ အရပ်သား ၂၄၇ ဦး ရှိတယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင် အားစုက ဧပြီလ ၁ ရက်နေ့က ထုတ်ပြန်ထား ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org