စစ်ကောင်စီ ရေကာတာစီမံကိန်းတွေမှာ ဥရောပကုမ္ပဏီနှစ်ခု အတိုင်ပင်ခံ လုပ်ကိုင်နေ

ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားက စစ်ကောင်စီအကောင်အထည်ဖော်နေတဲ့ ရေကာတာ စီမံကိန်းတွေမှာ ဥရောပကုမ္ပဏီ နှစ်ခု အတိုင်ပင်ခံအဖြစ် လုပ်ကိုင်နေတယ်လို့ Justice For Myanmar က မတ်လ ၁၄ ရက်နေ့မှာ ဖော်ထုတ်လိုက်ပါတယ်။

နေပြည်တော်ရှိ ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းတစ်နေရာအား ၂ဝ၂၁ ခုနှစ် မေလ ၂၅ရက်နေ့တွင် မြင်တွေ့ရစဉ်။ MOEE

ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားက စစ်ကောင်စီအကောင်အထည်ဖော်နေတဲ့ ရေကာတာ စီမံကိန်းတွေမှာ ဥရောပကုမ္ပဏီ နှစ်ခု အတိုင်ပင်ခံအဖြစ် လုပ်ကိုင်နေတယ်လို့ Justice For Myanmar က မတ်လ ၁၄ ရက်နေ့မှာ ဖော်ထုတ်လိုက်ပါတယ်။

စစ်ကောင်စီက အထက်ရဲရွာ၊ အလယ်ပေါင်းလောင်းနဲ့ သူဌေးရေအားလျှပ်စစ်စီမံကိန်းတွေအတွက် ဥရောပအင်ဂျင်နီယာကော်ပိုရေးရှင်းနှစ်ခုဖြစ်တဲ့ AFRY AB နဲ့ ILF Group တို့ကို အတိုင်ပင်ခံအဖြစ် ဒေါ်လာသန်းနဲ့ချီပေးပြီး ငှားရမ်းထားတယ်လို့ မတ်လ ၁၄ ရက်နေ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့မှာ JFM က သတင်းထုတ်ပြန်လိုက်တာပါ။

JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “AFRY နဲ့ ILF အဖွဲ့တွေက စစ်အုပ်စု မြန်မာပြည်သူတွေကို အကြမ်းဖက်စစ်ဆင်နေတဲ့အချိန်မှာ မြန်မာစစ်အုပ်စုနဲ့ ပူးပေါင်းပြီး၊ လူမှုဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့ ရေကာတာတည်ဆောက်ရေးအတွက် ပံ့ပိုးကူညီနေတာ စိတ်ပျက်စရာကောင်းလှတယ်။” လို့ ပြောပါတယ်။

ဆွီဒင်ကုမ္ပဏီဖြစ်တဲ့ AFRY AB ရဲ့ ကုမ္ပဏီခွဲဟာ ၂ဝ၂၁ ဖေဖော်ဝါရီကနေ ၂ဝ၂၂ စက်တင်ဘာအထိ အထက်ရဲရွာနဲ့ အလယ်ပေါင်းလောင်း စီမံကိန်း အတိုင်ပင်ခံလုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၄.၆၈ သန်း၊ ဩစတြေးလျအခြေစိုက် ILF Group ရဲ့ မြန်မာကုမ္ပဏီခွဲက ၂ဝ၂၁ ဖေဖော်ဝါရီကနေ ၂ဝ၂၂ ဧပြီလအထိ သူဌေးရေအားလျှပ်စစ်စီမံကိန်းအတွက် ဒေါ်လာ ၁.၁သန်း ယူပြီး အတိုင်ပင်ခံအဖြစ် လုပ်ကိုင်နေတာလို့ JFM က ဖော်ပြထားပါတယ်။

AFRY AB ဟာ ရှမ်းပြည်နယ်က အထက်ရဲရွာနဲ့ နေပြည်တော်က အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းတွေအတွက် အကြံပေးလုပ်ကိုင်နေတာဖြစ်ပြီး ILF Group ကတော့ ရခိုင်ပြည်နယ်က သူဌေးရေအားရေကာတာစီမံကိန်းအတွက် လုပ်ကိုင်နေတာပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ JFM က ကုမ္ပဏီနှစ်ခုစလုံးကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ AFRY AB က အသေးစိတ်မဖြေဘဲ မြန်မာက စီမံကိန်းတွေ သူတို့မှာ ရှိကြောင်းကိုသာ အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။ ILF Group ကတော့ - လတ်တလောမှာ ဆည်ရေပိုလွှဲလုပ်ငန်းအတွက် ရေလှောင်တမံနဲ့ မြေထိန်းနံရံခိုင်ခံ့ဖို့တို့ကို အဓိကဆောင်ရွက်နေတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီရေကာတာစီမံကိန်းတွေက စစ်တပ်အာဏာမသိမ်းခင်ကတည်းက အကောင်အထည် ဖော်နေတာဖြစ်ပြီး ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့အပြင် ပွင့်လင်းမြင်သာမှုမရှိဘူးဆိုပြီး ဒေသခံတွေက တစိုက်မတ်မတ် ကန့်ကွက်နေကြတာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ဒေသအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူတွေနဲ့ ဒေသခံတွေက ဒီစီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံခြားကုမ္ပဏီတွေကို နုတ်ထွက်ကြဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒီစီမံကိန်းတွေကြောင့် ထိခိုက်နစ်နာသူတွေအတွက် တာဝန်ယူဖြေရှင်းပေးဖို့နဲ့ ကျန်တဲ့ လုပ်ငန်းအားလုံးကို ရပ်ဆိုင်းဖို့လည်း JFM က ဒီကုမ္ပဏီနှစ်ခုကို တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီက အထက်ရဲရွာနဲ့ သူဌေးရေကာတာစီမံကိန်းတွေကို ၂ဝ၂၅ ခုနှစ်မှာ အပြီးသတ်ဖို့ ကြိုးပမ်းနေပြီး အလယ်ပေါင်းလောင်းစီမံကိန်းကတော့ ၂ဝ၂၆ မှာ ပြီးစီးနိုင်မယ်လို့ လျာထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org