ဖားကန့်မှာ KIO အုပ်ချုပ်ရေးအရာရှိနှစ်ဦး ဖမ်းဆီးခံရ

ဖားကန့်မြို့နယ်၊ မှော်ဝမ်းရပ်ကွက်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲ့ အုပ်ချုပ်ရေးအရာရှိ နှစ်ဦးကို ကျောက်စိမ်းတွေနဲ့အတူ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခဲ့ပါတယ်။

စစ်ကောင်စီမှ ဖမ်းဆီးခဲ့သည့် (KIO) အုပ်ချုပ်ရေးအရာရှိ နှစ်ဦးကို ၂၀၂၃ ခုနှစ် မေလ ၂၆ ရက်နေ့က တွေ့ရစဉ်။ People Media

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဝမ်းရပ်ကွက်မှာ မေလ၂၅ ရက်နေ့ညနေပိုင်းက ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲ့ အုပ်ချုပ်ရေးအရာရှိ နှစ်ဦးကို ကျောက်စိမ်းတွေနဲ့ အတူ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ KIO အုပ်ချုပ်ရေးအရာရှိနှစ်ဦးဟာ အသက် ၄၀ ကျော်အရွယ်တွေဖြစ်ပြီး သူတို့ရဲ့ နေအိမ်တွေကိုလည်း စစ်ကောင်စီတပ်က ချိပ်ပိတ်သိမ်းဆည်းခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဦးလဘုန် အိမ်ကိုချိပ်ပိတ်သွားပြီ၊ ပြီးတော့ သူ့မိန်းမနဲ့ ကလေးတွေကိုလည်း ဖမ်းခေါ်သွားတယ်။ အခုထိတော့ ပြန်လွတ်တယ် မကြားသေးဘူး။ ဦးဒိုက်ခေါင် အိမ်ကိုလည်း ချိပ်ပိတ်ထားတယ်လို့ သိထားတယ်။ ဆလန်ကဘာ (အုပ်ချုပ်ရေးအရာရှိ) တွေကို စစ်ကောင်စီတပ်က ဖမ်းဖို့ချောင်းနေတာ ကြာပါပြီ၊ အဲဒီနေ့ညက စစ်ဆင်ရေး တစ်ခုလိုပဲ အင်အားအလုံးအရင်းနဲ့ ဝင်ဖမ်းသွားတာ"

ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်အခြေအနေကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင် သေးပါဘူး။

KIA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်‌ဖြေဆိုခြင်း မရှိသေးပါဘူး။

ဒါ့အပြင် စစ်ကောင်စီဘက်ကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

မေလ ၂၄ ရက်နေ့ညပိုင်းကလည်း လုံးခင်းကျေးရွာက တည်းခိုခန်းတစ်ခုမှာ တည်းခိုနေတဲ့ အမျိုးသားခုနစ်ဦးကို KIO၊ KPDF နဲ့ ဆက်စပ်တယ်လို့စွပ်စွဲပြီး စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org