မိုးညိုမြို့ စစ်ဆေးရေးဂိတ်မှာ ဆိုင်ကယ်စီးလာသူနှစ်ဦး သေနတ်နဲ့အပစ်ခံရ၊ တစ်ဦး သေဆုံး
ပဲခူးတိုင်းအနောက်ပိုင်း မိုးညိုမြို့နယ် နှမ်းကုန်းရွာစစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ ၁၉ ရက် ညပိုင်းက ဆိုင်ကယ်စီးလာသူ နှစ်ယောက် သေနတ်နဲ့ အပစ်ခံရလို့ တစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2021-12-21
-
-
-
စစ်ကောင်စီတပ်က ပစ်ခတ်လို့ သေဆုံးသွားတဲ့ ကိုဆန်းမင်းအောင်ကို တွေ့ရစဉ်
Photo - Citizen Journalist
ပဲခူးတိုင်းအနောက်ပိုင်း မိုးညိုမြို့နယ် နှမ်းကုန်းရွာစစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ ၁၉ ရက် ညပိုင်းက ဆိုင်ကယ်စီးလာသူ နှစ်ယောက် သေနတ်နဲ့ အပစ်ခံရလို့ တစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ည ၁၀ နာရီလောက်မှာ အဲဒီစစ်ဆေးရေးဂိတ်အရောက် ဆိုင်ကယ်ရပ်မပေးလို့ သေနတ်နဲ့ အပစ်ခံရတာဖြစ်ပြီး အဲဒီဂိတ်မှာ စစ်သား နှစ်ယောက်နဲ့ လက်နက်ကိုင်စစ်မှုထမ်းဟောင်းအဖွဲ့တွေရှိနေတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦး က ပြောပါတယ်။
"တပ်ကပဲ ပစ်တယ်လို့ပဲ ထင်တယ်၊ ဒီလောက်ဝေးသွားတဲ့ဟာကို မှန်အောင်ဆိုတော့၊ အမှန်တကယ် စစ်မှုထမ်းဟောင်းဆို အိုကြီးအိုမတွေဆိုတော့ မျက်စိပြာတာ ဘာညာဖြစ်နေမယ်၊ ဒီလောက် မှောင်နေ တဲ့အချိန်မှာ မှန်နိုင်ဖို့ဆိုတာ အင်မတန်ခက်တယ်"
ကိုဆန်းမင်းအောင် ဆိုသူဟာ ရင်ဘတ်ကို သေနတ်ကျည်ဆန် ထိမှန်သေဆုံးခဲ့ပြီး အဖော်ပါလာသူကတော့ ပေါင်ကိုထိမှန်ကာ ခြေထောက်ကျိုးသွားတယ်လို့ ပြောပါတယ်။
ကိုဆန်းမင်းအောင်ဟာ လက်ပံတန်းမြို့နယ် ဆင်မနီကျေးရွာအုပ်စု မိုးဆယ်ရွာကဖြစ်ပြီး မိုးညိုမြို့မှာ အကြွေးတောင်းရာကနေ အပြန်လမ်းမှာ ခုလိုဖြစ်တာလို့ ပြောပါတယ်။ သေဆုံးသူ ကိုဆန်းမင်းအောင်ရဲ့ အလောင်းရော စီးလာတဲ့ဆိုင်ကယ်နဲ့ ပိုက်ဆံကျပ် ခုနှစ်သိန်းပါ ပြန်မရသေးဘူးလို့ ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။