ရေဦးမြို့နယ် ချမ်းသာရွာ စီးနင်းခံရပြီး ပြည်သူနှစ်ဦးသေဆုံး
စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ချမ်းသာရွာကို ဇန်နဝါရီလ ၁၀ ရက် မနေ့က စစ်ကောင် စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် ရွာသားနှစ်ယောက် အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2022-01-11
-
-
-
စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ချမ်းသာရွာကို ဇန်နဝါရီလ ၁၀ ရက် မနေ့က စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း ပြီးနောက် ရွာသားနှစ်ယောက် အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၁၀၀ ခန့်ရှိတဲ့ အဲဒီစစ်ကြောင်းဟာ ကွမ်းအုံရွာဘက်ကနေ ချမ်းသာရွာကို လာရောက်စီးနင်းခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရွာကို လက်နက်ကြီးတွေနဲ့ ပစ်ပြီးဝင်တာ။ ရွာလူတွေကိုလည်း ရိုက်နှက်တယ်။ ဘာအကြောင်းပြချက်မှ လည်း မရှိဘူး။ သာမန်ပြည်သူကိုပဲ သတ်သွားတာ။ ဖျက်ဆီးမှုတွေလည်းများတယ်၊ သော့ခတ်ထားတဲ့ ဗီရိုတွေဆိုလည်း ရိုက်ဖွင့်တယ်။ ဘာကိုရှာမှန်းလည်းမသိဘူး၊ အကုန်လုံး သွန်ချလိုက်တာပဲ။ အဲဒီအထဲ ကြိုက်တာတွေ့ရင် ယူသွားတာပဲ”
စစ်တပ်က တစ်ရွာဝင်တစ်ရွာထွက် ဝင်ရောက်စီးနင်းတာကြောင့် ချမ်းသာရွာကနဲ့ အနီးတဝိုက် ကျေးရွာတချို့ က ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
အခုကျေးရွာသား နှစ်ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဖြစ်စဉ်အသေးစိတ်ကို ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး။
ဒီနေ့မနက်မှာလည်း ရေဦးမြို့နယ် တောင်ဂွင်ရွာအနီးမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီ တပ်တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့ကလည်း ရေဦးမြို့နယ် အင်တောရွာသားနှစ်ဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပြီး ဇန်နဝါရီလ ၅ ရက်နေ့ရောက်မှ အင်တောရွာ စာသင်ကျောင်း အနောက်ဘက်မှာ မီးရှို့အလောင်း ဖျောက်ဖျက် ထားတာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။