ကသာမြို့မှာ ရွာနှစ်ရွာ မီးရှို့ခံရ
စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကသာမြို့နယ်၊ မိုးဒါးလေးအုပ်စု တိုက်ကုန်းရွာကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နဲ့ ၂၃ ရက်မနက်အထိ စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့တာကြောင့် နေအိမ် ၃၀ နီးပါး ပျက်စီးခဲ့တယ်လို့ ကသာ PDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
-
RFA Burmese
2023-01-23 -
-
-
စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကသာမြို့နယ်၊ မိုးဒါးလေးအုပ်စု တိုက်ကုန်းရွာကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နဲ့ ၂၃ ရက်မနက်အထိ စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့တာကြောင့် နေအိမ် ၃၀ နီးပါး ပျက်စီးခဲ့တယ်လို့ ကသာ PDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“မနေ့က မနက်ကစပြီးရှို့တာ။ မနေ့က ၁၅ အိမ်လောက်နဲ့ ဒီနေ့ ၁၅ အိမ်လောက် ထပ်ရှို့တယ်။ အလုံး ၃၀ လောက်တော့ရှိပြီ၊ တိတိကျကျတော့ မသိဘူး။ အဲဒီကျေးရွာက နေအိမ် ၁၅၀ လောက်တော့ရှိတယ်”
ဇန်နန်ဝါရီ ၂၀ ရက်နေ့ကလည်း အလယ်ကျွန်းရွာက စာသင်ကျောင်းနဲ့ နေအိမ် ၂၈ လုံးကို စစ်ကောင်စီတပ်သားတွေ မီးရှို့သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ကုန်းမှာတော့ ဒီနေ့မနက်လည်း ထပ်ရှို့နေတယ်လို့ကြားတယ်။ ကျနော်တို့ အလယ်ကျွန်းရွာကလည်း နေအိမ် ၃၀ လောက်မီးရှို့သွားတယ်”
ဇန်နဝါရီလ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ တိုက်ကုန်းရွာအနားမှာ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ခဲ့တာပါ။
သုံးရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ လာရောက်ပစ်ခဲ့ တာကြောင့် မိုးဒါးလေးရွာက ဒေသခံ ခုနစ်ဦးသေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုရက်ပိုင်း တိုက်ပွဲဖြစ်တာမရှိပေမယ့် တိုက်ကုန်း၊ ဗောဓိကုန်း၊ လက်ပံရပ်၊ အရှေ့ရပ်၊ စေတီရပ်၊ အလယ်ရပ်၊ မြေနု စတဲ့ရွာက ဒေသခံ ၃၀၀၀ ကျော်ကတော့ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။